ချင်းပြည်နယ်၊ မရာနယ်မြေအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့-မရာ(CDF-Mara)တပ်ဖွဲ့ဝင်များကို မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့(MDF)ကဖမ်းဆီးမှု ရဲဘော်၆ဦးအထိရှိလာကြောင်း တာဝန်ရှိသူများထံကသိရသည်။
ပလက်ဝမြို့နယ်၊ ရွေလိုက်ဝကျေးရွာသို့ရောက်ရှိနေသော CDF(Mara)၊ တပ်ရင်း(၄)မှ တပ်ခွဲမှူးဘိတ်နှေချွာနှင့် တပ်သားဘွေးယာတို့ကို ဇန်နဝါရီလ(၅)ရက်တွင် MDFက ဖမ်းဆီးခဲ့ပြီး ယင်းဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ သွားရောက်ဖြေရှင်းခဲ့သည့် CDF(Mara)ဗျူဟာမှူးဦးထက်ဆန်းနှင့် တပ်ရင်းမှူးဦးခူးမားတို့သည်လည်း ဇန်နဝါရီလ(၇)ရက်တွင် ထပ်မံဖမ်းဆီးခံခဲ့ရသည်ဟု CDF(Mara)ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက MPAကိုပြောသည်။
“ ပထမ ၂ယောက်က ခရီးသွားရင်းအဖမ်းခံရတာပါ။ နောက် ၂ယောက်ကျတော့ အဖမ်းခံရတဲ့ ၂ယောက်ကို ပြန်လွှတ်ပေးဖို့ AA နဲ့ MDF ခေါင်းဆောင်ပိုင်းကို တောင်းဆိုတယ်။ သူတို့က လက်နက်မပါဘဲ လာခဲ့ပါ၊ လုံခြုံရေးတာဝန်ယူပါတယ်။ ဖမ်းထားတဲ့ ၂ ယောက်ကိုလွှတ်ပေးပါမယ်။ လာခေါ်ပြောလို့ သွားကြရင်း ထပ်မံအဖမ်းခံရတာပါ” ဟု ၎င်းကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရန် ဘာသာရေးခေါင်းဆောင်များ၊ သင်းအုပ်ဆရာများက ကြားဝင်တောင်းဆိုခဲ့သော်လည်း ပြန်လည်လွှတ်ပေးခြင်းမရှိသည့်အပြင် ဇန်နဝါရီ ၁၉ရက်တွင် လိုင်လင်းပီမြို့အနီး၊ ၉မိုင်ကျေးရွာ၌ CDF(Mara)တပ်ရင်း-၃မှ တပ်ခွဲမှူးဆန်နှင်နှင့် တပ်သားရာလိုင်တို့ကို MDFက ထပ်မံဖမ်းဆီးခဲ့သည်ဟုဆိုသည်။
“ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှဖြေကြားဖို့ ကျတော်တို့လည်း အဆင်မပြေသေးပါဘူးခင်ဗျ၊ ကျတော်လည်း အထက်ကိုပြန်ပြီးဆက်သွယ်မေးမြန်းရဦးမယ်” ဟု MDF၏ ကာကွယ်ရေးအတွင်းရေးမှူးကိုဓူဝံက MPAကိုပြောသည်။
မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) ဗဟိုစစ်ကွပ်ကဲရေးအဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီ၂၄ရက်၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MTC)၏ ထုတ်ပြန်ချက်အရ MTCအုပ်ချုပ်နယ်မြေအတွင်း MDFမှအပ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှ ဖွဲ့စည်းခြင်း၊ ဝင်ရောက်သွားလာလှုပ်ရှားခြင်းမပြုရန် အသိပေးခဲ့ပြီးဖြစ်သည့်အတွက် MTC၊ MDFထံသို့ ကြိုတင်အသိပေးခြင်းမရှိဘဲ MTCအုပ်ချုပ်ရေးနယ်မြေအတွင်း တပ်စွဲခြင်း၊သွားလာလှုပ်ရှားခြင်း(လုံးဝ)မပြုလုပ်ရန် ဇန်နဝါရီ(၁၈)ရက်နေ့တွင် သတိပေးထုတ်ပြန်ခဲ့သည်။
CDF(Mara)ရဲဘော်၆ဦး ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MTC)သို့ MPAကဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ယင်းဖမ်းဆီးမှုသည် စစ်ရုံးချုပ်၏လုပ်ဆောင်မှုဖြစ်သည့်အတွက် MTCအနေဖြင့် ပြန်လည်ဖြေကြားရန်အဆင်မပြေသေးကြောင်း တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
မရာတော်လှန်ရေးတပ်ဖွဲ့(၂)ဖွဲ့ဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF-Mara)သည် ချင်းအမျိုးသားတပ်ဦး (CNF/CNA)နှင့် ပူးတွဲတိုက်ပွဲများဖော်ဆောင်၍ နိုဝင်ဘာ၂၄ရက်တွင် လိုင်လင်းပီမြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီး မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့(MDF)သည်လည်း ရက္ခိုင့်တပ်တော်(AA)နှင့် ပူးတွဲတိုက်ပွဲများဖော်ဆောင်၍ ဇန်နဝါရီ၁၄ရက်တွင် ပလက်ဝဒေသကို သိမ်းပိုက်ထိန်းချုပ်ထားသည်ဟု စုံစမ်းသိရှိရသည်။