မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ရိက္ခာလာယူသည့် စစ်ကောင်စီစစ်ကြောင်းနှင့် PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားရာ၊ စစ်သားသုံးဦးနှင့် ကာကွယ်ရေးရဲဘော်တစ်ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း(NPDF) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်၊ မနက်ပိုင်းတွင် နွားထိုးကြီးမြို့နယ်၊ မန်ကျည်းကုန်းကျေးရွာမှ ရိက္ခာယူပြီး ထွက်လာသော စစ်ကားနှစ်စီးနှင့် ဝက်လူးနယ်မြေရဲစခန်းမှ ထွက်လာသည့် စစ်ကားတစ်စီးအား ဖောင်ချဉ်း – ဝက်လူးလမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့နောက် အထက်ပါ စစ်ကားသုံးစီးသည် ဖောင်ချဥ်းကျေးရွာသို့ ထပ်မံဝင်ရောက်ပြီး ရိက္ခာယူနေစဥ် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် နှစ်နာရီခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ၊ စစ်ကောင်စီလေတပ်မှ တိုက်လေယာဉ် ရောက်လာသဖြင့် ခေတ္တဆုတ်ခွာခဲ့ရသည်။
ယင်းအပြင် ဇန်နဝါရီ ၁၇ ရက်၊ မနက် ၈ နာရီခန့်တွင် ဖောင်းချဥ်းကျေးရွာမှ ခြေလျင်ထွက်လာသော အင်အား ၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“ ဖောင်းချဥ်းရွာကနေ စစ်ကြောင်းနှစ်ကြောင်းခွဲထွက်လာတာပါ၊ ဝက်လူးရဲစခန်းကို တစ်ကြောင်းဝင်တယ်၊ ဖောင်းချဥ်းရွာကနေ နဘူးအိုင်ရွာဘက်ကို ပြန်တဲ့ စစ်ကြောင်းနဲ့ ကျတော်တို့ တိုက်ပွဲဖြစ်ပွားတာပါ၊ စစ်တပ်ဘက်က မျက်မြင် သုံးယောက်သေပြီး၊ ကျတော်တို့ရဲဘော်တစ်ဦး အသက်ပေးခဲ့ရပါတယ်” ဟု မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း (NPDF) မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
အထက်ပါ တိုက်ခိုက်မှု့ကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း (NPDF)နှင့် နွားထိုးကြီးမြို့နယ် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
“ နွားထိုးကြီးမြို့ပေါ်နဲ့ ရွာတွေဘက်မှာ တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်လာတယ်။ စစ်ကောင်စီက ပြည်သူတွေကို သတ်ဖြတ်တာတွေလည်း ရှိလာတယ်။ နွားထိုးကြီး – မြင်းခြံလမ်းပိုင်းပေါ် သိပ်မသွားရဲကြတော့ဘူး” ဟု နွားထိုးကြီးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ မြင်းခြံမှာက ဒလန်ပေါတယ်၊ ကျတော်တို့လည်း နေ့တိုင်း ကျီးလန့်စာစားနေရတယ်။ နွားထိုးကြီးဘက်မှာ အခုလို တော်လှန်ရေးတပ်ဖွဲ့တွေ အင်အားရှိသလိုမျိုး မြင်းခြံကိုလည်း လွှမ်းမိုးစေချင်တယ်” ဟု မြင်းခြံမြို့ခံ အမျိုးသား တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်တွင်လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မြင်းခြံမြို့မှ ဆင်းလာသည့် စစ်ကောင်စီကားများကို ဝက်လူး – နဘူးအိုင်ကျေးရွာချင်းဆက် လမ်းမပေါ်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးနှင့် ပျူစောထီး ခုနှစ်ဦး သေဆုံးခဲ့သေးသည်။