စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဖိုလ်ဝင်တောင်နှင့်ရွှေဘတောင်ရှိ မျောက်များသည်လည်း စစ်ဘေးသင့်ကာ အလည်အပတ် လာရောက်သူ နည်းပါးမှုကြောင့် အစာရေစာငတ်မွတ်နေကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်သည် စစ်ရေးလှုပ်ရှားမှုနယ်မြေဖြစ်ခြင်းကြောင့် ဖိုလ်ဝင်တောင်နှင့်ရွှေဘတောင်သို့ လာရောက်လည်ပတ်သူ အလွန်နည်းပါးသွားကာ မျောက်များအား အစာကျွေးမွေးမည့်သူ ရှားသွားကြောင်း ဒေသခံအချို့ထံက သိရသည်။
“ စစ်တပ်ထိန်းချုပ်ထားတာမဟုတ်ပေမယ့် တိုက်ပွဲတွေဖြစ်တာရယ်၊ နယ်မြေမငြိမ်တာရယ်ကြောင့် ဘုရားဖူးတွေမလာဘဲ အနီးနားကဒေသခံလောက်ပဲ လည်ကြတော့တယ်” ဟု ယင်းမာပင်ဒေသခံတစ်ဦး က ဆိုသည်။
မျောက်များသည် ဖိုလ်ဝင်တောင်နှင့် ရွှေဘတောင်တို့တွင် အများဆုံးရှိပြီး အကောင်ရေ တစ်သောင်းကျော်ခန့်ရှိကာ ဧည့်အဝင်နည်းသဖြင့် မျောက်စာ ရောင်းချနေသူများပင် မရှိတော့ကြောင်း သိရသည်။
မျောက်များသည်ငှက်ပျောသီး ၊ ကြက်စာပြောင်းဖူးအခြောက်၊ မြေပဲဆန်၊ခရမ်းချဥ်သီးတို့တင်မက ပေါင်မုန့်နှင့် ကိတ်မုန့် တို့ကိုလည်း စားကြပြီး ခရမ်းချဉ်သီးကို ပိုကြိုက်ကြကြောင်း သိရသည်။
ဖိုဝင်တောင်နှင့် ရွှေဘ တောင်ရှိ မျောက်များအားလုံးကို ငွေကျပ် ၅ သိန်းခန့်သုံးလျှင် ခရမ်းချဉ်သီး တစ်နပ်စာ ကောင်းကောင်း ကျွေးမွေးနိုင်ကြောင်း ၎င်းကပြောသည်။
“ သူတို့ကိုလည်း ၁လ ၁ခါကောင်းကောင်းလောက်တော့ကျွေးချင်ပါတယ် ။ လူစစ်ရှောင်တွေကလည်းရှိသေးတော့ မျောက်တွေဘက်ကို မလှည့်နိုင်ဖြစ်နေတာ။ လူစစ်ရှောင်တောင် အလှူငွေရှိမှ ကျနော်တို့က အလှည့်ကျစနစ်နဲ့ပို့ပေးနေရတယ်။ အလှူငွေမဝင်ရင် နားထားရတယ်။ လူစစ်ရှောင်ကူရတာတောင် အလှူငွေရမှကူရတာ။ ဒီမျောက်တွေလည်း အသက်နဲ့ပဲဆိုတော့ကြားလပ်ပြီး အခု တစ်ခါကူညီပေးဖြစ်တယ်။ သူတို့လည်း စစ်ရဲ့ဒဏ်ကိုခံစားနေရတာပဲလေ။ ပစ်ထားလို့မရဘူး။ တောထဲက သစ်ဥသစ်ဖုရှာစားရအောင်ကလည်း တောင်ပေါ်တွေမှာ စားစရာအပင်မပေါဘူး။ ကျောက်တောင်တွေဖြစ်နေလို့ အဆင်မပြေပါဘူး” ဟုဇန်နဝါရီလအတွင်း မျောက်များကို အစာသွားကျွေးခဲ့သည့် မုံရွာမြို့နယ်အခြေစိုက် စစ်ရှောင်ကူညီရေးအဖွဲ့ We are People ၏ တာဝန်ရှိသူ ကိုဆက်ကောင်းစံက ပြောသည်။
ဖိုလ်ဝင်တောင်နှင့် ရွှေဘတောင်ရှိ မျောက်အချို့မှာ အကျိတ်အဖုများဖြစ်ပွားနေပြီး ကျန်းမာရေးချို့ယွင်းနေကြောင်း အချင်းချင်း ကိုက်ကြရာမှ ဒဏ်ရာရသောမျောက်အချို့လည်း ရှိပြီး ဆေးကုသရန် လိုအပ်နေကြောင်း MPA က စုံစမ်းသိရသည်။