ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဏ/၁၄ ရပ်ကွက်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ရက်မှစတင်ကာ ၄ရက်တိုင်တိုင် ပြုလုပ်သည့် မြို့နယ်ဥက္ကဌ ဖလား ဘောလုံးပွဲ၌ ပါဝင်ခဲ့သူများကို စစ်သင်တန်းတက်ရောက်နှင့် ပြည်သူ့စစ်အဖွဲ့သို့ ဝင်ရောက်ရန် စစ်ကောင်စီက စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ ဘောလုံးပွဲကို ရထားလမ်းဘေးက လယ်ကွင်းထဲမှာဘဲ အပျော်သဘောနဲ့ကျင်းပတာပါ၊ အခုမှဘယ်လိုလုပ်ပြီး ကန်တဲ့သူတွေကို စစ်သင်တန်းတက်ခိုင်းတာလဲတော့မသိဘူး ” ဟု ရွှေပြည်သာမြို့ ဏ/၁၄ ရပ်ကွက်နေ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက MAP ကိုပြောသည်။
ရွှေပြည်သာမြို့ ဏ/၁၄ ရပ်ကွက်တွင် လမ်းသတ်မှတ်ချက်မရှိဘဲ ပန်းခြံအဖြစ် သတ်မှတ်ထားကာ ပန်းခြံ ၂၈ ခုရှိပြီး ပန်းခြံတစ်ခုလျှင် တစ်သင်းနှုန်းပါဝင်ရကာ၊ တစ်သင်းလျှင် ကျပ် ၁၀၀၀၀ ရရှိပြီး ပွဲကုန်ကျငွေအား စစ်ကောင်စီ ဘက်က စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
“ ကျတော်က ဘောလုံးကန်ရတာဝါသနာပါလို့ကိုကန်တာပါ၊ ဘောလုံးပွဲမှာ နိုင်နိုင်ရှုံးရှုံး ၁၀၀၀၀ ပေးတယ်။ အပျော် သဘောမျိုးကန်ကြတာပဲ၊ ဘောလုံးစကန်တဲ့နေမှာဘဲ ရပ်ကွက်လူကြီးတွေက ဓာတ်ပုံတွေရိုက်၊ မှတ်ပုံတင်၊အိမ်ထောင် စုစာရင်း မိတ္ထူတွေပါတောင်းထားတော့မှ စစ်သင်တန်းတက်ရမယ်ဆိုတာသိရတာ “ ဟု ဘောလုံးပွဲတွင်ပါဝင်ခဲ့သည့် အသက် ၂၃နှစ်အရွယ် အမျိုးသားတစ်ဦးကပြောသည်။
ထို့ပြင် ဘောလုံးပွဲတွင် ပါဝင်ခဲ့သည့်သူများကို ရပ်ကွက်အတွင်းရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက နေအိမ်သို့လာရောက် ကာ ပြည်သူ့စစ်ဖွဲ့လျှင် ပါဝင်ရန် မိဘများကို စည်းရုံးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ ကျမတို့ အိမ်ကိုလာပြီးတော့ ပြည်သူ့စစ်ဖွဲ့ရင် အစ်မသားပါရမယ်ဆိုပြီးပြောတာ၊ အတော်ကိုအဓိပ္ပာယ်မရှိဘူး” ဟု ဏ/၁၄ ရပ်ကွက် အမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့ပြင် ဘောလုံးပွဲ၌ ဝင်ရောက်ကစားမည်ဟု အမည်စာရင်းပေးထားသော်လည်း လာရောက်စားချင်းမရှိသည့် နေအိမ်များသို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက လာရောက်ပြီး ပြည်သူ့စစ်ဖွဲ့ပါဝင် ပူးပေါင်းရန် စည်းရုံးမှုများပြုလုပ်ခဲ့ကြောင်း ဏ/၁၄ ရပ်ကွက်ရှိ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ရက်တွင်လည်း ရွှေပြည်သာမြို့နယ် ၂၄ရပ်ကွက်၌ ဘောလုံးပြိုင်ပွဲပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်၊ လူအင်အား အပြည့်ဖြင့် လုံခြုံရေး ယူပေးခဲ့ကြောင်းလည်းသိရသည်။
လက်ရှိ မြန်မာနိုင်ငံအနှံ့တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ဆင်ကို ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည် အင်အားနည်းပါးနေသောကြောင့် တပ်အင်အားဖြည့်တင်းနိုင်ရန်အတွက် သက်ဆိုင်ရာမြို့နယ် ၊ ရပ်ကွက်အလိုက် ပြည်သူ့စစ်ဖွဲ့စည်းရန် လုပ်ဆောင်နေခြင်းဖြစ်သည်။