မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ငြိမ်းဇာနည် စစ်မှုထမ်းဟောင်းရုံးတို့ကို ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဇန်နဝါရီ ၁၇ရက်၊ နံနက် ၆နာရီ ၁၀မိနစ်ခန့်က စစ်သားအင်အား ၇၀ဝန်းကျင်ရှိ ထွေအုပ်ရုံးနှင့် စစ်သားအင်အား ၃၀ဝန်းကျင်ရှိ စစ်မှုထမ်းဟောင်းရုံးတို့ကို လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းတို့ဖြင့် ၂နာရီကြာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger အဖွဲ့က သတင်းထုတ်ပြန်သည်။
“ အဲ့ ၂ နေရာစလုံးက မြို့ထဲမှာပဲရှိတယ်။ ကျနော်တို့ဘက်က RPGတွေ၊ ၄၀(မမ)တွေ၊ လက်နက်ငယ်တွေ၊ ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တာ။ သူတို့ဘက်ကလည်း လုံးဝပြန်ဆုတ်မပြေးဘူး။ အင်အားလည်းများတဲ့အတွက် ကတုတ်ကျင်းထဲကနေ ခံပစ်တဲ့အနေအထားရှိတယ်။ သူတို့ဘက်ကစစ်ကူလည်းရောက်လာပြီး နောက်ကနေ အပစ်ခံရတဲ့အတွက် ပြန်ဆုတ်ခဲ့ရတယ်” ဟု Myingyan Black Tiger ခေါင်းဆောင် ဗိုလ်မိုက်ခဲကပြောသည်။
ပိတ်ဆို့ထားသည့်ကြားက စစ်ကူအင်အား ၂၀ ဝန်းကျင်ရောက်ရှိလာပြီး အနောက်မှပိတ်ဆို့ကာ ပစ်ခတ်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း တိုက်ပွဲဝင် ရဲဘော်တစ်ဦး ကပြောသည်။
“ ဘယ်ကလာတာလဲဆိုတာ မသိရဘူး။ နောက်မှာ ဒီလောက်ပိတ်ဆို့ထားတဲ့ကြားကမှ နောက်ကနေရောက်လာပြီး ပစ်ခတ်သွားတယ်” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုတွင် ကာကွယ်ရေးတပ်ဖွဲ့ဘက်က စစ်ကြောင်းမှူး ဆရာကရင်မှာ ဒူး နှင့် မျက်နှာ ထိခိုက်ဒဏ်ရာရရှိပြီး စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ရဲဘော် -၃၃ က လက်ဖျံရိုးထိမှန်ဒဏ်ရာရသော်လည်း မစိုးရိမ်ရကြောင်း ဗိုလ်မိုက်ခဲကပြောသည်။
“ ကျနော်တို့ စစ်ကြောင်းမှူးထိသွားတာက ဘန်ကာထဲမှာ သေသွားတဲ့ကောင်ရဲ့ သေနတ်ကို ကောက်ချင်လို့ ပြေးတက်တဲ့အချိန် ဟိုဘက်ကပစ်လို့ထိသွားတာ” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသော စစ်သားနှင့် ဒဏ်ရာရသူများအရေးအတွက်ကို တပ်တွင်းသတင်းပေးနှင့် မျက်မြင်များအရ အတည်ပြုနိုင်ခဲ့ကြောင်း ဗိုလ်မိုက်ခဲကပြောသည်။
“ ဒီပွဲလိုဟာမျိုးဆို ရှေ့မှာ ကိုယ့်ရန်သူကိုယ် မြင်နေရတဲ့အနေအထားပေါ့နော်။ ပစ်တာခတ်တာ ဆွဲသွားတာ မြင်နေရတဲ့အနေအထားပေါ့နော်။ အဲ့လိုမျိုးလည်းကျနော်တို့အတည်ပြုပါတယ်” ဟု ၎င်းကပြောသည်။
ယင်းသို့တိုက်ခိုက်ခံရပြီးနောက် ထွေးအုပ်ရုံးနှင့် ငြိမ်းဇာနည်စစ်မှုထမ်းဟောင်းရုံးတို့တွင် အင်အားတိုးမြှင့်ကာ ဇန်နဝါရီ ၁၇ရက်၊ည ၉နာရီဝန်းကျင်၌ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ရေစကြိုမြို့ခံတစ်ဦးကပြောသည်။
“ စခန်းဘက်မှာ အင်အားတိုးတာတွေရှိတယ်။ ညဘက်ကျလည်း လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာ” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကို Myingyan Black Tiger ၊ LY-PDF၊ ဗိုလ်ခြောက်ဆယ်ပြောက်ကျားတပ်၊ Bright Star Group ( LPDF)၊ Royal Eagle People Defense Force၊ N-YSO၊ ရွှေညာမြေအထူးကွန်မန်ဒိုတပ်ဖွဲ့၊ TPG ပြောက်ကျားတပ်ဖွဲ့နှင့် သွေးသောက်တပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများ သေဆုံး၊ ဒဏ်ရာရမှုများအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။













