စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က စစ်သားအင်အားနှင့်လက်နက်ခဲယမ်းများ ထပ်တိုးချနေကြောင်း သိရသည်။
ဇန်နဝါရီ ၁၇ ရက်၊ နံနက် ၄ နာရီဝန်းကျင်မှစ၍ တကောင်းနီကယ်စက်ရုံမှ ထွက်လာသော စစ်ကောင်စီ စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မြတောင် အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“မြတောင်ကို တကောင်းနီကယ်စက်ရုံက ထိုးလာတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တယ်။တိုက်ပွဲက ပြင်းထန်တယ်။ပြီးတော့ ကသာကနေ သံခွန်မော်တော်တွေနဲ့ စစ်ကူတွေပို့သလို မြတောင် ကိုလည်း ရဟတ်ယာဥ်နဲ့ လက်နက်ခဲယမ်းတွေချပေးနေတယ်” ဟု EROs တပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။
ဇန်နဝါရီ ၁၇ ရက်၊၁ နာရီခွဲခန့် တွင်လည်း မြစ်ကြီးနားမှ တက်လာသည့် ဂျက်ဖိုက်တာ ၂ စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အင်းရွာတိုက်နယ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။
“ထီးချိုင့်မြို့ထဲမှာလည်း စစ်ကောင်စီဘက်က အင်အားတိုးထားတယ်။၅၀၀ ဝန်းကျင်လောက်ရှိတယ်။အားလုံးပေါင်းဆို ၁၀၀၀ ဝန်းကျင်လောက်ရှိပြီ” ဟု တော်လှန်ရေး ရဲဘော် တစ်ဦး ကပြောသည်။
ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၁၀ ရက်မှ စတင်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း အသုံးပြုကာ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ထီးချိုင့်မြို့တွင်းရှိ နေအိမ်အဆောက်အအုံများပျက်စီးခဲ့ပြီး ပြည်သူများလည်း သေဆုံးမှုရှိခဲ့သည်။
ရက္ခိုင့်တပ်တော်(AA) စစ်ရေးလှုပ်ရှားရာ ထီးချိုင့်မြို့နယ်နှင့်အနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်က ယခုရက်သတ္တပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်လျက်ရှိကြောင်း ဇန်နဝါရီ ၁၇ ရက်၌ ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ထားသေးသည်။