ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ သိုင်းငင်းစခန်းကိုပြန်လည်ရရှိရန်အတွက် စစ်ကောင်စီက ဇန်နဝါရီ ၁၇ ရက်၊ နံနက်ပိုင်းတွင် အင်အား ၆၀ ခန့်ဖြင့် ပြန်လည်စစ်ကြောင်းထိုးတိုက်ခိုက်လာကြောင်း သိရသည်။
စစ်ကောင်စီစစ်ကြောင်းပြန်ထိုးလာမှုကြောင့် သိုင်းငင်း-ကလေးကြားရှိ ဒေသခံပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရာသို့ ခေတ္တရှောင်ပေးကြရန် CDF CDM-Siyinက ယနေ့နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
“ ကလေးဘက်၊ ခိုင်ကမ်းဆင်စခန်းကနေ မနေ့ကတည်းက စစ်ကူလာတဲ့စစ်ကြောင်းက အခုဆင်စခန်းရဲ့အပေါ်က ကော်ဖီခြံမှာရောက်နေတဲ့သဘောမျိုးဗျ။ စခန်းလည်းအကုန်ကျသွားပြီဆိုတော့ သူတို့(စကစ) သိုင်းငင်းကိုဆက်တက်မလား၊ ပြန်ဆုတ်မလားဆိုတာတော့ စောင့်ကြည့်ရမယ့်အနေအထားပါ” ဟု ချင်းကာကွယ်ရေးစစ်ရေးသတင်းရင်းမြစ်တစ်ဦးက MPA ကိုပြောသည်။
သိုင်းငင်းစခန်းကို ချင်းအမျိုးသားတပ်ဦး(CNF/CNA)ဦးဆောင်မှုဖြင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီ ၁၂ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၁၆ ရက်၊ နံနက်ပိုင်းတွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ရာ စခန်းရှိစစ်ကောင်စီတပ်သားအားလုံး သေဆုံးခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများအား ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ချအညံ့ခံရန် ပြောဆိုခဲ့သော်လည်း မဆုတ်တမ်းခုခံတိုက်ခိုက်ခဲ့ခြင်းကြောင့် စခန်းရှိဗိုလ်ကြီးအပါအဝင်စစ်သား ၁၂ ဦးနှင့် သုံးပွင့်အဆင့်ရဲအရာရှိအပါအဝင် ရဲတပ်သား ၁၈ ဦးတို့ သေဆုံးခဲ့ပြီး ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ရဲဘော် ၈ ဦးကျဆုံးကာ ဒဏ်ရာရရဲဘော် ၄၀ နီးပါးရှိခဲ့သည်။
အဆိုပါသိုင်းငင်းစခန်းသည် အိန္ဒိယ-မြန်မာအဓိကနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၊ ကလေး၊ တီးတိန်နှင့် ဖလမ်း ကားလမ်း(၃)ခွဆုံရာတွင်တည်ရှိပြီး စစ်ရေးနှင့်ကုန်သွယ်ရေးအရ အရေးပါသည့်စခန်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ကဆိုသည်။
“ ၂၀၂၃ ထဲမှာကို သိုင်းငင်းစခန်းရဖို့ ၄ ကြိမ်တိုက်ခိုက်ခဲ့တယ်ဗျ။ ဒါပေမယ့်မရခဲ့ဘူး။ ဘန်ကာတွေဆို ဗျူဟာကျကျ သေသေချာချာကိုဆောက်ထားတာဗျ။ အခု ၅ ကြိမ်မြောက်မှ သိမ်းပိုက်နိုင်ခဲ့တာ” ဟု ၎င်းကရှင်းပြသည်။
တိုက်ပွဲအခြေအနေများကြောင့် ကလေး-ချင်းတောင်လမ်းမကြီးကို ၂ လနီးပါးပိတ်ထားခဲ့သဖြင့် ခရီးသွားပြည်သူများနှင့် ကားသမားများအနေဖြင့် အခက်အခဲများကြုံတွေ့ခဲ့ရကြောင်း ကလေးမြို့ဒေသခံတစ်ဦးကဆိုသည်။
“ ချင်းတောင်အတက်အဆင်း သိုင်းငင်းစခန်းက တအားစစ်တာ။ ဖမ်းခံရတဲ့သူလည်း မနည်းဘူး။ ယောက်ျားလေးတွေဆို ပိုစစ်တယ်ကြားတယ်။ လမ်းပိတ်တာက မနှစ်က နိုဝင်ဘာလလောက်ကတည်းကထင်တယ်၊ ပိတ်ထားတာ။ ကားတွေဆို ဖလမ်းဘက်မှာ ပိတ်မိနေခဲ့ကြတာမနည်းဘူး။ ကွင်းလမ်းကနေ ကလေးပြန်ဝင်ကြရတာ” ဟု ၎င်းကပြောသည်။
ကလေး – သိုင်းငင်းလမ်းမကြီး ပိတ်ထားရသည့်အတောအတွင်း စိတ်ရှည်သည်းခံပေးကြသော ပြည်သူများနှင့် ကားသမားများကိုကျေးဇူးတင်ကြောင်းနှင့် နယ်မြေရှင်းလင်းရေးလုပ်ပြီးသည်နှင့် မကြာမီလမ်းပြန်ဖွင့်နိုင်ရန် ဆောင်ရွက်သွားမည်ဟု CDF CDM-Siyin က ထုတ်ပြန်ပြောဆိုထားသည်။