ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်များတွင် စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့စည်းရန် အဓမ္မလူစုဆောင်းနေပြီး လူစုမပေးနိုင်သည့် ရပ်ကွက်၊ ကျေးရွာများနှင့် သင်တန်းမတက်လိုသည့် ပြည်သူများအနေဖြင့် စစ်ကောင်စီကို ငွေကြေးပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီသည် ဇန်နဝါရီလမှစတင်၍ မိမိကျေးရွာ၊ ရပ်ကွက်များအားကာကွယ်ရန်အတွက် ပြည်သူ့စစ်ဖွဲ့စည်းရမည်ဟုဆိုကာ ၎င်းတို့ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးများကတစ်ဆင့် လူစုဆောင်းပေးရန်ညွှန်ကြားထားခဲ့ခြင်းဖြစ်သည်။
“ဝင်ချင်တဲ့သူရှိရင် စာရင်းလာပေးဖို့ပြောတယ်၊ လခပေးမှာတဲ့၊ စစ်မတိုက်ရဘူးတဲ့၊ ကိုယ်ရွာလုံခြုံရေးအတွက်ပဲတဲ့၊ ကျွန်တော်တို့အုပ်စုက ဝင်မယ့်သူမရှိလို့မဲနှိုက်ခိုင်းတယ်။ မဲပေါက်တဲ့ သူတွေကမလိုက်ချင်ရင် သိန်း ၃၀ ပေးရမယ်တဲ့၊ မဲမပေါက်တဲ့ သူတွေကသင်တန်းတက်မယ့်လူတွေကို လစဉ်ထောက်ပံ့ကြေးပေးဖို့ ငွေစုခိုင်းတယ်”ဟု မိုးညိုမြို့နယ်အတွင်းနေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ပြည်သူ့စစ်မဖွဲ့စည်းပေးနိုင်သည့် ရပ်ကွက်ကျေးရွာများမှာလည်း စစ်ကောင်စီထံ ငွေကြေးပေးဆောင်ရမှုများရှိနေကြောင်း လက်ပံတန်းမြို့နယ်အတွင်းနေထိုင်သည့် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးက ပြောသည်။
“စည်းဝေးပွဲလုပ်တယ်၊ အုပ်ကြီး(စစ်ကောင်စီခန့်)က ပြောတယ်၊ လူ ၅၀ စုပေးရမယ်တဲ့၊ ကျွန်မတို့ အုပ်စုက ရွာများလို့တဲ့၊ ဘယ်သူမှ မလိုက်ချင်ကြဘူး။ မဲလဲမနှိုက်ကြဘူးဝိုင်းပြောတာ၊ ကျွန်မတို့ဆီမှာအေးချမ်းတယ် သင်တန်းသွားတက်ပြီးပြန်လာမှ ဆူဆူပူပူဖြစ်မှာကြောက်ရတယ်ပေါ့၊ မဖွဲ့ပေးနိုင်ရင် သိန်း ၁၅၀ အုစ်စုက စုပေးရမယ်တဲ့၊ ခုထိတော့လိုက်မစုသေးဘူး။ ဘယ်လိုသတ်မှတ်ပြီးစုမလဲ မသိဘူး”ဟု ၎င်းကဆိုသည်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများသည် ကျေးရွာများအတွင်းစီးပွားရေးမပြေလည်သည့် မိသားစုများအတွင်းရှိလူငယ်များကို ပစ်မှတ်ထားစည်းရုံအကွက်ချပြီး စစ်သင်တန်းတက်ခိုင်းနေကြာင်း သာယာဝတီမြို့ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။
“အစ်ကိုတို့ဘက်မှာပေါ့ မြို့ပေါ်ရပ်ကွက်တွေကို အဓိကထားပြီးလူစုနေတယ်၊ စီးပွားရေးအဆင်မပြေတဲ့ မိသားစုတွေထဲက လူငယ်တွေဆို မက်လုံးပေးစည်းရုံးတယ်၊ လခဘယ်လောက်ရမှာတို့၊ သင်တန်းသွားနေချိန်မိသားစုကိုလဲဆန်၊ ဆီ၊ ဆားက အစထောက်ပံ့ပေးမယ်ပေါ့။ လူစုမရတဲ့ ရွာတွေကိုတော့ မဲနှိုက်ရမယ်ဆိုပြီး စီးပွားရေးအဆင်မပြေတဲ့ မိသားစုတွေပေါက်အောင် တမင်အကွက်ချပြီး စီစဉ်ထားတာ။ မတက်ချင်လို့ ပိုက်ဆံပေးစရာလဲသူတို့မှာမရှိဘူးလေ” ဟု ၎င်းက ရှင်းပြသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သေဆုံးသူ၊ အလင်းဝင်လာသူ၊ လက်နက်ချ အညံ့ခံသူများ မြန်မာနိုင်ငံအနှံပြားတွင် များပြားလာခြင်းကြောင့် ပဲခူးတိုင်းအနောက်ခြမ်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားရှိ ပြည်သူများကို ပြည်သူ့စစ် ဖွဲ့စည်းရန်အကြောင်းပြပြီး စစ်သားအင်အားသစ်စုဆောင်းနေခြင်းဖြစ်သည်။