စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မဘသဘုန်းကြီးများဦးဆောင်၍ စစ်တပ်မိသားစုဝင်များ၊ စစ်တပ်ထောက်ခံသူများ၊ non-CDM ဝန်ထမ်းများနှင့် ပျူစောထီးကျေးရွာက ဒေသခံများစုစည်းကာ MNDAA အလိုမရှိကြောင်း၊ ဗုဒ္ဓဘာသာကာကွယ်ရေးခေါင်းစဥ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ဆန္ဒပြမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆန္ဒပြမှုကို စစ်ကောင်စီတပ်သားများက လုံခြုံရေးပေးခဲ့ပြီး ပြည်သူ့ပန်းခြံတွင်စုစည်း၍ မြို့နယ်ခန်းမအထိလှည့်လည်ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက MPA ကိုပြောသည်။
“ မဘသဘုန်းကြီး ၈၀ လောက်နဲ့ တောင်အူ၊ ပြင်သာ၊ ကံပုလဲ၊ နှော်ညောင်ပင်၊ အောင်မြင်သာ၊ ဆည်တော်ဦး၊ကျောင်းတိုက်စတဲ့ ပျူရွာတွေကလူတွေနဲ့ မြို့ပေါ်ကစစ်သားမိသားစု၊ ရဲမိသားစုအသိုင်းအဝိုင်းတွေပဲ ဆန္ဒပြနေကြတာပါ” ဟု ၎င်းက ရှင်းပြသည်။
ကလေးမြို့သည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်နှင့် ဟိန္ဒူဘာသာများကို ကိုးကွယ်ယုံကြည်သူများ စုပေါင်းနေထိုင်သည့် မြို့တစ်မြို့ဖြစ်ခြင်းကြောင့် စစ်ကောင်စီက ဘာသာရေးပဋိပက္ခကို ဖန်တီးလိုဟန်ရှိကြောင်း ဒေသခံအချို့က သုံးသပ်နေကြသည်။
ကလေးမြို့အနေဖြင့် ယခင်က မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်ခဲ့သော လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများအတွင်း မှာပင် ငြိမ်းချမ်းစွာဖြတ်သန်းနေထိုင်နိုင်ခဲ့ခြင်းကြောင့် စစ်ကောင်စီပုံဖော်သကဲ့သို့ ပဋိပက္ခဖြစ်လာလိမ့်မည်မဟုတ်ကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီရှိ ကိုဗိုက်ပူက MPA ကိုပြောသည်။
“ ဘယ်သူတွေကအစွန်းရောက်လဲဆိုတာ၊ နောက်မှာ လက်မဲကြီးကဘယ်သူလဲဆိုတာ ဒီအချိန်မှာ စစ်တပ်မှတပါးအခြားမရှိတော့ဘူးပေါ့နော်။ အရင်ကလည်း ကလေးမြို့အနေနဲ့ မတူကွဲပြားမှုကို အသိဉာဏ်ရှိရှိနဲ့ သတိဆောင်ပြီး ကျွန်တော်တို့ကျော်လွှားနိုင်ခဲ့တယ်။ တော်လှန်ရေးကာလမှာ ဘာသာရေးကိုပဲအသုံးချလို့ရတော့တဲ့ စစ်တပ်တစ်ခုရဲ့လှုပ်ရှားမှုတွေကို ပြည်သူတွေအနေနဲ့ သတိဝီရိရရှိစွာ ကျော်လွှားနိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်ဗျ” ဟု ၎င်းကဆိုသည်။
MNDAA ယူနီဖောင်းဝတ် ရဲဘော်တစ်ဦးက လောက်ကိုင်မြို့အနီးရှိ စေတီတစ်ဆူကို တူဖြင့်ထုရိုက်ဖျက်ဆီးခဲ့သည့် ရုပ်သံဖိုင်တစ်ခု ဇန်နဝါရီလ ၈ ရက်က လူမှုကွန်ရက်တွင်ပြန့်နှံ့လာခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါကိစ္စသည် မြန်မာနိုင်ငံတွင်ရှိသည့် ဗုဒ္ဓဘာသာဝင်များသာမက၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ တရုတ်စသည့်နိုင်ငံများနှင့် တိဘက်ဒေသ၊ ယူနန်ဒေသအပါအဝင် ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်များအားလုံးကို စော်ကားလိုက်သည့် လုပ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းနောက် ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ တောင်ကြီး၊ မော်လမြိုင်၊ မင်းတပ်၊ နေပြည်တော်စသည့်မြို့ကြီးများအပါအဝင် မြို့အသီးသီးတွင် ဇန်နဝါရီ ၁၀ ရက်မှ စတင်၍ မဘသဘုန်းကြီးများဦးဆောင်ကာ MNDAA ရဲဘော်တစ်ဦး၏ လုပ်ရပ်နှင့်ပတ်သက်ပြီး ကန့်ကွက်ကြောင်းဆန္ဒပြမှုများ ဆက်တိုက်ပေါ်ပေါက်လာခဲ့သည်။
“ ဒါကတော့ သူတို့(စကစ)ရဲ့ငါးပွက်ရာငါးစာချတဲ့လုပ်ရပ်ပါပဲ။ ဘာသာရေးကိုခုတုံးလုပ်ပြီး ပြည်သူတွေရဲ့ထောက်ခံမှု ပြန်ရမလားပေါ့နော်။ လူစုလူဝေးနဲ့ ဆန္ဒပြတယ်။ အခြားပြည်သူတွေပါ၊ ပါလာမလားလှုံ့ဆော်တာပေါ့။ ဦးဇင်းအနေနဲ့ အဲ့ဒီလိုပဲ မြင်ပါတယ်” ဟု ကလေးမြို့ပေါ်ရှိ အမည်မဖော်လိုသည့် ရဟန်းတစ်ပါးက MPA ကိုမိန့်သည်။
MNDAA အဖွဲ့အနေဖြင့် လွတ်လပ်သောဘာသာရေးကိုးကွယ်ယုံကြည်မှုကို လေးစားလိုက်နာပြီး ဘာသာရေးများဆန့်ကျင်ခြင်းနှင့် ဘာသာရေးအဆောက်အအုံများဖျက်ဆီးရန် အမိန့်ပေးခြင်းများလုံးဝမရှိကြောင်း၊ ရဲဘော်တစ်ဦးက ဘုရားစေတီအား တူဖြင့်ထုရိုက်ခြင်းသည် MNDAA ကအမိန့်ပေးခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရလုပ်ရပ်သာဖြစ်ပြီး လက်အောက်ငယ်သား၏ တပ်စည်းမျဥ်း၊ စည်းကမ်းညံ့ဖျင်းမှုနှင့် အရည်အချင်းမရှိသော လုပ်ဆောင်မှုအတွက် တောင်းပန်ကြောင်း ဇန်နဝါရီ ၉ ရက်တွင် MNDAA ကသတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါလုပ်ရပ်အားကျူးလွန်ခဲ့သည့် တရားခံကို အရေးယူအပြစ်ပေးရန် ညွှန်ကြားထားပြီး MNDAA အရာရှိ၊ စစ်သည်အားလုံးအနေဖြင့် ဘာသာရေးလွတ်လပ်မှုကိုလေးစားရန်နှင့် ဘာသာရေးအဆောက်အအုံများကို အလေးထားအကာအကွယ်ပေးရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း MNDAA က ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
ဗုဒ္ဓဘာသာကာကွယ်ရေး၊ MNDAA ကန့်ကွက်ရေးဆန္ဒပြမှုများကို ဇန်နဝါရီ ၁၄ ရက်၌ ကလေးမြို့အပြင် မုံရွာ၊ ပခုက္ကူ၊ ဟုမ္မလင်း၊ ဂန့်ဂေါမြို့များတွင်လည်း ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
![](https://mpapress.com/wp-content/uploads/2024/01/signal-2024-01-14-183158_002-1024x768.jpeg)
![](https://mpapress.com/wp-content/uploads/2024/01/signal-2024-01-14-183158_003-1024x768.jpeg)
![](https://mpapress.com/wp-content/uploads/2024/01/signal-2024-01-14-183158_004.jpeg)
![](https://mpapress.com/wp-content/uploads/2024/01/signal-2024-01-14-183158_005.jpeg)