စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား (၅၀)ကျော် ကျန်းမာရေးဆိုးရွားနေကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။
“ ရာသီအကူးအပြောင်းကာလဆိုတော့ အပြင်မှာတောင် တုပ်ကွေးတွေ အတော်ဖြစ်နေကြတာလေ၊ အထဲမှာလည်း အတူတူပါပဲ၊ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော ဖြစ်နေကြတာ၊ ရာသီဥတု အအေးဒဏ်နဲ့ဆိုတော့ အတော်လေး ဆိုးဆိုး ဖြစ်နေကြတာပါ “ ဟု ကလေးအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ကျန်းမာရေးဆိုးရွားနေသည့် နိုင်ငံရေးအကျဉ်းသားများကို ကလေးမြို့အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ အနေဖြင့် ပါရာစီတမော့ဆေးတစ်မျိုးတည်းသား ပေးနေကြောင်း ၎င်းကဆက်ပြောသည်။
” ကလေးအကျဉ်းထောင်ထဲမှာ နိုင်ကျဉ်းတွေ ကျန်းမာရေးဆိုးရွားနေတယ်ဆိုတာ ဟုတ်ပါတယ်။ မြေပြင်တာဝန်ခံ တွေကနေ တဆင့် သိရတာမျိုးရှိတယ်။ ဒီကိစ္စက အပြင်ကို ထွက်လာတာမျိုး မရှိသေးတာပါ “ ဟု နိုင်ငံရေး အကျဉ်းသားများကို ကူညီပေးနေသူတစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ယနေ့အထိ ဖမ်းဆီးခံရသူ ၂၅၇၉၉ ဦးရှိပြီး ၁၉၉၁၁ဦးသည် အကျဉ်းထောင်အသီးသီး၌ ထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၁၇) ဦးအထိ ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်မှ ဖော်ပြထားသည်။