ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်ဒေသအတွင်း အလုပ်လုပ်နေသူများအနေဖြင့် ဒေသဖွံ့ဖြိုးရေး အတွက် တစ်ဦးလျှင် လစဉ် ဘတ်တစ်ထောင်နှုန်း ပေးသွင်းရမည် ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ၊ကရင်နယ်ခြားစောင့်တပ် BGF – တပ်နယ် ၃က ထုတ်ပြန်ထားသည်။
အဆိုပါ စာအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ၊ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တရုတ်ကုမ္ပဏီဖြစ်သော ရထိုက် ကုမ္ပဏီနှင့် လက်အောက်ခံကုမ္ပဏီများအားလုံးကို ပေးပို့ထားခြင်းဖြစ်သည်။
“ ဒီလ လစာက ၉ ရက်နေ့ကမှ ထုတ်ထားတာဆိုတော့ နောက်လမှပေးရမယ်ပြောတယ်။ အခုဟာက လစာများတဲ့သူက သိပ်မသိသာဘူးပေါ့၊ လစာနည်းတဲ့သူကျတော့ အဆင်မပြေလှဘူးပေါ့” ဟု ရွှေကုက္ကိုမြိုင်ဒေသအတွင်း အလုပ်လုပ် နေသူ တစ်ဦးကဆိုသည်။
ယင်းစာထဲ၌ လစဉ်ကြေးများကို လဆန်း ၁ ရက်နေ့မှ ၅ ရက်နေ့ နောက်ဆုံးထားပေးသွင်းရမည်ဟု ပါရှိသော်လည်း မည်သည့်လတွင် စတင်ပေးဆောင်ရမည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။
“ တချို့သူတွေက စာထုတ်တာ မသိကြသေးဘူး။ ဗိုလ်မှူးကို ပေးရမယ်လို့ဘဲ သိထားကြတယ်။ တခုခုဖြစ်ရင် အဲ့ဒီဗိုလ်မှူးက တာဝန်ယူပေးမယ်ဆိုပြီး ပြောထားတယ်လို့ ကြားသိရတယ် ” ဟု ရွှေကုက္ကိုမြိုင်ဒေသအတွင်း အလုပ်လုပ်နေသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်ဒေသ၌ အွန်လိုင်းငွေကြေးလိမ်လည်ရေး(ကျားဖျန့်)လုပ်ငန်းများကို ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စု(Yatai International Holdings Group)နှင့် BGF ခေါင်းဆောင် စောချစ်သူ တို့ပူးပေါင်း၍ လုပ်ငန်းများလုပ်ကိုင်နေခြင်း ဖြစ်သည်။
“ အခုလို စာထုတ်ထားတာတော့ မှန်တယ်ဆိုပေမယ့် အဲ့ဒီသတင်းကအတည်တော့မဖြစ်သေးဘူး။ ပြန်စိစစ် နေတယ်လို့ ပြောတယ် “ ဟု ကရင်နယ်ခြားစောင့်တပ် BGF – တပ်နယ် ၃ နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
အဆိုပါ ရွှေကုက္ကိုလ်ဒေသရှိ တရုတ်အွန်လိုင်းငွေကြေးလိမ်လည်ရေးလုပ်ငန်းနှင့် အခြားသောလုပ်ငန်းများ၌ ဝန်ထမ်းအသစ် ခေါ်ယူရာတွင် အခြေခံလစာ ထိုင်းဘတ်ငွေ တစ်သောင်းခွဲအထိပေးထားပြီး လုပ်ငန်းလုပ်ဆောင် ချက်အပေါ်မူတည်၍ ငွေကြေးလစာကို တိုးမြှင့်ပေးကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ အွန်လိုင်းငွေကြေးလိမ်လည်ရေး လုပ်ငန်းများနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို စုံစမ်းဖော်ထုတ်ရန်အတွက် ထိုင်းစစ်တပ်တာဝန်ရှိသူနှင့် အာ ဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့သေးသည်။