ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်များတွင် ပျူစောထီးအဖွဲ့ ဖွဲ့စည်းရခြင်းမရှိသေးသည့် ရပ်ကွက်၊ ကျေးရွာအုပ်များစု များတွင် ပျူစောထီးဖွဲ့စည်းရန် ပြည်သူများကို စစ်တပ်က ဖိအားပေးနေကြောင်း ဒေသခံများထံမှ သိရသည်။
ရပ်ကွက်၊ ကျေးရွာအုပ်စု တစ်ခုလျှင် ပျူစောထီးဖွဲ့စည်းရန်အတွက် လူဦးရေအနည်းဆုံး ၃၀ စုဆောင်းပေးရန် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြည်သူများကို ဖိအားပေးနေခြင်းဖြစ်ကြောင်း အုတ်ဖိုမြို့နယ်မှ အသက် ၄၀ အရွယ် ဒေသခံတစ်ဦးကပြောသည်။
“ပျူစောထီးမဖွဲ့ရသေးတဲ့ အုပ်စု၊ ရပ်ကွက်တွေက ဖွဲ့ရမယ်တဲ့၊ လူစုမရရင် တစ်အိမ်တစ်ယောက် မဲနိုက်ရမယ်။မဲပေါက်တဲ့သူက ပျူစောထီး သင်တန်း တက်ရမယ်တဲ့၊ ကိုယ့်ရပ်ကွက် ကျေးရွာကို ကာကွယ်ဖို့တဲ့၊ သင်တန်းဆင်းရင် လက်နက်ထုတ်ပေးမယ်တဲ့၊ အခုရက်ပိုင်းမှ အုပ်ကြီး(စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး)စည်ဝေးပွဲ ခေါ်လို့သိရတာ”ဟု ၎င်းက ပြောသည်။
ပျူစောထီးဖွဲ့စည်းရန် အသက် ၁၈နှစ်မှ ၆၀နှစ်အရွယ် ပြည်သူများကို စုဆောင်းနေခြင်းဖြစ်ပြီး ပျူစောထီး ဖွဲ့စည်းနိုင်ခြင်းခြင်းမရှိသည့် ကျေးရွာအုပ်စု ၊ ရပ်ကွက်များကို PDFနှင့် ပတ်သက်သည်ဟု သတ်မှတ်ပြီး ပြင်းထန်စွာ အရေးယူသွားမည်ဟု ခြိမ်းခြောက်မှုများရှိကြောင်း သာယာဝတီမြို့နယ်၊ ငဖြူချောင်းကျေးရွာမှ ပြည်သူတစ်ဦးက MPAသို့ ပြောသည်။
“လူစုမရဘူး၊ ပျူထဲဝင်မယ့်သူမရှိတဲ့ အုပ်စုတွေ၊ ကျေးရွာတွေက PDF ထောက်ခံတဲ့ရွာတွေလို့ သူတို့ (စစ်ကောင်စီ အဖွဲ့ဝင်များ)သတ်မှတ်မယ်တဲ့၊ အဲ့ဒီရွာတွေကိုလဲ အရေးယူချေမှုန်းသွားမယ်တဲ့၊ ပြီးတော့ပြောသေးတယ် ပျူစောထီး ထဲ မဝင်ရတဲ့ အိမ်တွေက တစ်လကို တစ်သောင်းအနည်းဆုံး ပျူအဖွဲ့ကို ထောက်ပံ့ပေးရမယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံအနှံ့တွင် သေဆုံးသူ၊ အလင်းဝင်သူ၊ လက်နက်ချသူများ များလာ သည့်အတွက် စစ်တပ်အင်အားနည်းပါးလာသောကြောင့် ပျူစောထီးဖွဲ့စည်းရန်အကြောင်းပြပြီး စစ်သားစုဆောင်းနေ ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ဒီကောင်တွေ(စစ်ကောင်စီ တပ်ဖွဲ့ဝင်များ)မှာက အင်အားမရှိတော့ဘူးလေ၊ အဲဒီတော့ ပြည်သူတွေကို ကိုယ့်ရပ်ကွက်၊ ကျေးရွာတွေကို ကာကွယ်ဖို့ ပြည်သူ့စစ်(ပျူစောထီး)ဖွဲ့ရမယ်လို့ အကြောင်းပြပြီး သူတို့အဖွဲ့ထဲခေါ်ဖို့ စည်းရုံးနေတာ၊သင်တန်းတက်ခိုင်းမယ်။ ပြီးရင် တိုက်ပွဲတွေထဲအပို့ခံရမယ်။ ဒီကောင်တွေက ကျရှုံးခါနီးလေ ယုတ်မာလေဘဲ”ဟု ၎င်းက ပြောသည်။
ပဲခူးတိုင်း အနောက်ခြမ်းရှိ ပြည်သူများ ပျူစောထီးအဖွဲ့ထဲဝင်ပါက အင်းမမြို့အခြေစိုက် တပ်မ ၆၆ နှင့် ပဲခူးမြို့၊ အမှတ် ၉၀၁ အမြှောက်တပ်မဌာနချုပ်တို့တွင် စစ်သင်တန်း တစ်လခွဲတက်ရောက်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီကို ထောက်ခံအားပေးသည့် ပျူစောထီးများ မကြာခဏ ရှင်းလင်းခံနေရချိန်တွင် ပြည်သူများကို ပျူစောထီးထဲဝင်ရောက်ရန် စစ်တပ်က ဖိအားပေးနေခြင်းကြောင့် ပြည်သူများအနေဖြင့် အခက်တွေ့နေရသည်ဟု ဒေသခံများက ရှင်းပြသည်။