ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဘာသာရေးအဆောက်အအုံနှင့် လူနေအိမ်အချို့ထိမှန်ပျက်စီးခဲ့ပြီး သီလရှင် ၂ ပါးနှင့် ဒေသခံပြည်သူ ၁ ဦးထိခိုက်ဒစ်ရာရရှိခဲ့ကြောင်း ဒူးပလာယာခရိုင် – သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကဆိုသည်။
စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၁၂ လက်အောက်ခံ၊ ခလရ ၂၃၀ တပ်ရင်းမှ ဇန်နဝါရီ ၅ ရက်၊ မွန်းတည့် ၁၂ နာရီအချိန်နှင့် စစ်ကောင်စီတပ် ခမရ ၅၄၅ တပ်ရင်းမှ ဇန်နဝါရီလ ၇ ရက်၊ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တို့တွင် (၁၂၀) မမ လက်နက်ကြီးများဖြင့် တောင်ကြာအင်းကျေးရွာဘက်သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ အရင်က တိုက်ပွဲဖြစ်ခဲ့လို့ ဒီက ရဲဘော်တွေ ရှိနိုင်မယ်ထင်တဲ့ နေရာတိုင်းကို သူတို့ပစ်တာပေါ့။ တောက်လျှောက်ရယ်တော့ မဟုတ်ဘူး။ အားလုံးသိထားတဲ့အတိုင်း သူတို့ပစ်ချင်တဲ့ အချိန်ပစ်တယ်၊ အလုံးရေလဲ ပုံမှန်ပြောလို့မရပါဘူး။ များတဲ့အခါများတယ် နည်းတဲ့အခါနည်းတယ်” ဟု ဒူးပလာယာခရိုင်-သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်က ဇန်နဝါရီ ၅ ရက်တွင် ပစ်ခတ်လိုက်သောလက်နက်ကြီးကျည်သည် ကျုံဒိုးမြို့နယ်၊ ဝိတ်ဇာကုန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ဂေါပကဦးမောင်ကြီး ဒဏ်ရာရရှိခဲ့ကာ စောင်းတန်းနှင့် သိမ်တော်ထိမှန်ပျက်စီးခဲ့သည့်အပြင် ပြည်သူပိုင်နေအိမ်တစ်လုံးလဲ ပျက်စီးခဲ့ကြောင်း သိရသည်။
“ လက်နက်ကြီး ထိသွားတဲ့သူတွေက အသက်အန္တာရယ် စိုးရိမ်ရတဲ့အထိတော့ မရှိပါဘူး။ အဲဒီနားက ရွာတော်တော်များများလဲ စစ်ရှောင်နေကြရပါတယ်။ တိုက်ပွဲအခြေအနေကတော့ တောင်ကြာအင်းကို ရှင်းလင်းလို့ ပြီးသွားပြီဆိုတော့ လက်ရှိငြိမ်နေပါသေးတယ်” ဟု ၎င်းကဆိုသည်။
ထို့ပြင် ဇန်နဝါရီလ ၇ ရက်က ပစ်ခတ်လိုက်သောလက်နက်ကြီးကြောင့် ကျုံဒိုးမြို့နယ်၊ ကော့ဝါလဲကျေးရွာရှိ အေးချမ်းသာယာတောရကျောင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နှစ်ထပ်ကျောင်းဆောင်ထိမှန်ပျက်စီးခဲ့သည့်အပြင် အသက် ၁၃ နှစ်အရွယ်နှင့် အသက် ၁၆ နှစ်အရွယ် သီလရှင်နှစ်ပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့အဲ့ဒီဘက်မှာနေရာယူထားတဲ့အချိန် စကစဘက်က လက်နက်ကြီးနဲ့ တောက်လျှောက်ဆိုသလို ထုတာဘဲ။ ကျွန်တော်တို့နေရာနားတောင် တစ်လုံးကျသေးတယ်။ ကံကောင်းလို့ ကျွန်တော်တို့ရဲဘော်တွေတော့ အထိအခိုက်မရှိခဲ့ဘူး။ တစ်ချို့လက်နက်ကြီးအလုံးတွေကြောင့် ရွာသားတစ်ချို့ ထိသွားတယ်လို့လဲ ကြားတယ်” ဟု ရှေ့တန်းစစ်မြေပြင်တစ်နေရာမှ ရဲဘော်တစ်ဦးကဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နှင့် ဒီဇင်ဘာလ ၁၉ ရက်ကလည်း စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၁၂ လက်အောက်ခံ ခလရ ၂၃၀ တပ်ရင်းမှ ပစ်ခတ်သည့်လက်နက်ကြီးကျည်ကြောင့် တောင်ကြာအင်းကျေးရွာတွင်နေထိုင်သော အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သေးသည်။