မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဆေးခင်းကြီးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၁၀ဦးထက်မနည်းသေဆုံးကြောင်း Natogyi People Defense Force ( မြင်းခြံခရိုင်တပ်ရင်း-၄)က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၈ရက်နေ့ နံနက် ၉နာရီဝန်းကျင်က ဝက်လူးရွာမှထွက်လာသော အင်အား ၃၀ဝန်းကျင်ပါစစ်ကြောင်းကို ဆေးခင်းကြီးရွာအနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အထိနာခဲ့ပြီး နောက် ဘုန်းကြီးကျောင်းထဲဝင်ရောက်နေချိန်၌ ဒရုန်းများဖြင့် ဗုံးသီး ၆လုံး ထပ် ကြဲချခဲ့ရာ ထပ်မံအထိနာခဲ့ကြောင်း Natogyi People Defense Force မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ ခြေလျင်စစ်ကြောင်းနဲ့ အရင်ဆုံးတိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီး ကျနော်တို့က ဆုတ်လိုက်တော့ သူတို့(စစ်သားများ) က ဘုန်းကြီးကျောင်းထဲဝင်တော့ သူတို့ပိတ်မိသလိုဖြစ်သွားတယ်။ ပိတ်မိတော့ သူတို့ဆီစစ်ကူလာတယ်။ နေ့လယ်ခင်း ဘုန်းကြီးကျောင်းထဲ အင်အား ၁၀၀လောက်ရှိတဲ့အချိန်မှာ ဒရုန်းနဲ့ချတယ်” ဟု ၎င်းကပြောသည်။
ဆေးခင်းကြီးရွာအနီး တိုက်ခိုက်ခံရပြီးနောက် စစ်ကူများ ရောက်လာကြပြီးမြို့သာကျေးရွာမှ ကား ၃စီးဖြင့်လာသော စစ်ကူများကို လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ခုခံခဲ့ပြီး ဒရုန်းနှင့်လည်းပြန်လည်တိုက်ခိုက်ခဲ့ကြောင်း တိုက်ပွဲဝင်ရဲဘော်တစ်ဦးကပြောသည်။
“ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ရမ်းပစ်တာတွေရှိတယ်။ သူတို့က ကျနော်တို့ကိုတောင် ဒရုန်းနှင့် ၂ခါပြန်ချတယ်။ ထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုတွင် မျက်မြင်တွေ့ရှိသူ၏ ပြောကြားချက်အရ တိုက်ပွဲများအပြီးတွင် ကား ၄စီးဖြင့် စစ်သား ၁၃ဦး၏အလောင်းကို သယ်ဆောင်သွားကြောင်းမျက်မြင်တွေ့ရှိသူတို့က သတင်းပေးပို့သည်ဟု Natogyi People Defense Force ဝာာဝန်ရှိသူကပြောသည်။
“ ဦးရေက အမြင်ပဲရှိတာလေ။ တိတိကျကျမသိရတဲ့အတွက် ၁၀ဦးနှင့်အထက်လို့ပဲထုတ်ပြန်လိုက်တာပါ” ၎င်းကပြောသည်။
ယင်းစစ်ကြောင်းသည်တိုက်ခိုက်မှုများအပြီးတွင် ဆေးခင်းကြီးကျေးရွာ ဘုန်းကြီးကျောင်းထဲ၌ တစ်ညအိပ်ပြီး ဇန်နဝါရီ ၉ရက်နေ့ နံနက်ခင်း ၌ မြို့သာနှင့် ဝက်လူးကျေးရွာတို့သို့ အဖွဲ့ခွဲကာ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို Natogyi People Defense Force ( မြင်းခြံခရိုင်အမှတ် ၄တပ်ရင်း)၊ နွားထိုးကြီးမြို့နယ်ပကဖ၊ Myingyan District Drone Strike (အမှတ်- ၁၈၄၃ ဒရုန်းတပ်)၊ Shar Htoo Waw နည်းပညာ Team 2နှင့် မလှိုင်မြို့နယ်ပကဖ (MHLG Wing) တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်သားများ သေဆုံး၊ ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။

