ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့က မြို့တော်ခန်းမဆောင်ရှေ့တွင် ယနေ့ နေ့လယ်ပိုင်းက ဗုံးနှစ်လုံးဆင့် ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး တာဝန်ကျ ရဲနှစ်ဦး သေဆုံးပြီးနောက် အကြမ်းဖက် စစ်တပ်မှ မြင်တွေ့သူများကို လိုက်လံ ပစ်ခတ်ခဲ့ကြောင်း ဖယ်ခုံဒေသခံများထံမှ သိရှိရသည်။
သြဂုတ်လ နှစ်ရက်နေ့က စတင်ကာ ဖယ်ခုံမြို့တော် ခန်းမတွင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့မှ ကိုဗစ် ကာကွယ်ဆေး ထိုးမှုလုပ်ငန်းများ လုပ်ဆောင်နေကာ ယနေ့ နှစ်ရက်မြောက်နေ့တွင် ယခုလို ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ ဖြစ်တာက ၂ နာရီက ဖြစ်မယ်ထင်တယ်။ ဖယ်ခုံမြို့က အထက်တန်းကျောင်းနဲ့ မျက်နှာခြင်းဆိုင်မှာ ရှိတဲ့ မြို့တော်ခန်းမ ဆောင်ရှေ့မှာ ဗုံးနှစ်လုံး ပေါက်တာလို့ ပြောတယ်။ အိမ်က အမေက ကိုဗစ်ကာကွယ်ဆေးထိုးပြီး အိမ်ပြန် အလာမှာ ပေါက်ကွဲသံ ကြားရတာပဲလို့ ပြောတယ်။ ပြည်သူတော့ ထိခိုက်မှု မရှိဘူး။ ရဲနှစ်ယောက်တော့သေတယ် ပြောတယ်” ဟု ဖယ်ခုံဒေသခံတစ်ဦးက ဆိုသည်။
ဗုံးပေါက်ကွဲသည့် မြို့တော်ခန်းမတည်ရှိရာ နေရာသည် လွိုင်ကော်- ဖယ်ခုံ သွားသည့် မိန်းလမ်းမဘေးတွင် ဖြစ်ပြီး စစ်ကောင်စီအနေနှင့် ဗုံးပေါက်ကွဲပြီးနောက်ပိုင်းတွင် ဖြတ်သွားဖြတ်လာ ပြည်သူများကို ပစ်ခတ် ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ ပြုလုပ်သည်ကို MPA အနေဖြင့် သီးခြားအတည်ပြုနိင်ခြင်း မရှိသေးချေ။
အကြမ်းဖက် စစ်တပ်အနေဖြင့် လက်နက်အားကိုးဖြင့် မင်းမဲ့စရိုက်ဆန်ဆန် ပြုမူမှုများပြုလုပ်ခြင်း၊ ပြည်သူလူထု အပေါ်ပုံစံမျိုးစုံဖြင့် ဖိနှိပ်ခြင်းများကြောင့် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု ကရင်နီပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေး တပ်များကသြဂုတ်လ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။