မကွေးတိုင်း၊ ရေစကြိုနှင့် မြိုင်မြို့နယ်တို့သို့ NUG ဒုဝန်ကြီး ပထမဆုံးအကြိမ် ကွင်းဆင်းလာပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလဆန်းပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာ ငိုင်းတမ်မောင်းသည် ရေစကြိုနှင့်မြိုင်မြို့နယ်သို့ ပထမဆုံးအကြိမ်ကွင်းဆင်းလာကာ တော်လှန်ရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရေစကြိုမြို့နယ်ပကဖ၊ မြို့နယ်ပအဖ၊ ပညာရေးဘုတ်အဖွဲ့နှင့် မြို့နယ်အတွင်းရှိသက်ဆိုင်ရာတာဝန်ရှိသူများ နှင့် ဒုဝန်ကြီး ဒေါက်တာ ငိုင်းတမ်မောင်းတို့ တွေ့ဆုံပြီး ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်းရေစကြိုမြို့နယ်ပကဖ တာဝန်ခံ ရဲဘော်ဝေကြီးကပြောသည်။
“ မကွေးတိုင်းထဲမှာ ပထမဆုံးပေါ့ဗျာ။ အဓိကကတော့ တော်လှန်ရေးလုပ်ငန်းတွေ၊ ပြည်သူလူထုအတွက် ဒီထပ်ပိုပြီးတော့ ဝန်ဆောင်မှုပေးနိုင်ဖို့ အလုပ်လုပ်နိုင်ဖို့ လာရောက်ပြီးတော့ ဆွေးနွေးတာပေါ့နော်။ မြေပြင်ကိစ္စတွေမှာကျ မြေပြင်ဆင်းကြည့်မှပဲ အမှန်တွေမြင်ရတယ်ပေါ့နော်” ဟု ၎င်းကပြောသည်။
ဒုဝန်ကြီးသည် မြိုင်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း မြိုင်ပကဖတာဝန်ခံ ဗိုလ်လကျာ်ကပြောသည်။
“ မြေပြင်မှာ မီးဘေးသင့်တဲ့ဟာတွေကို ပံ့ပိုးပေးဖို့ရယ်။ ပြန်လည်တည်ဆောက်ပေးနိုင်အောင်ကြိုးစားပေးမယ်ဆိုတဲ့အကြောင်းတွေရယ်၊ ဒဏ်ရာရတဲ့ရဲဘော်တွေကိုလည်း တိုက်ပွဲပြန်ဝင်နိုင်အောင် လုပ်ဆောင်ပေးသွားမယ်ဆိုတဲ့ ကိစ္စတွေပေါ့” ဟု ၎င်းကပြောသည်။
ယင်းသို့ဒုဝန်ကြီး လာရောက်တွေ့ဆုံမှုကြောင့် ယုံကြည်မှုပိုမိုမြင့်တက်လာပြီး အလုပ်လုပ်ရသည်မှာလည်း အားပိုရှိလာကြောင်း ၎င်းတို့ကပြောသည်။
“ ဒါကတော့ နဂိုကတည်းက ကျနော်တို့ကမျှော်နေတာပေါ့နော်။ ပြည်သူလူထုကလည်း ဒီလိုမျိုး အောက်ခြေအဖွဲ့တွေနဲ့ မကင်းကွာဘဲ အတူတူအလုပ်လုပ်ကြတဲ့ဟာမျိုး ဖြစ်စေချင်တယ်။ ကျေးဇူးလည်းတင်ရတယ်။ ယုံကြည်မှုတွေလည်းပိုတိုးတယ်။ အလုပ်လုပ်ရတာလည်းပိုအားရှိလာတယ်ပေါ့နော်” ဟု ရဲဘော်ဝေကြီးကပြောသည်။
တွေ့ဆုံခဲ့သည့် ရက်စွဲနှင့် ဆွေးနွေးခဲ့သည့်အကြောင်းအရာများကိုမူ လုံခြုံရေးအရ ထုတ်ဖော်ပြောကြားခြင်းမရှိကြပေ။