မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာမှ ကင်းထွက်လာသော ရဲ ၃ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြိုင်ပကဖက ယနေ့(ဒီဇင်ဘာ၂၉ရက်)သတင်းထုတ်ပြန်သည်။
တွင်းမကျေးရွာသို့ ရောက်ရှိနေသော စစ်ကောင်စီရိက္ခာပို့စစ်ကြောင်းမှ ရဲ ၃ဦးသည် ဒီဇင်ဘာ ၂၄ရက် ညပိုင်းတွင် ရွာအပြင်သို့ ကင်းထွက်လာရာ မျက်စိလည်လမ်းမှားနေသဖြင့် ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးခြင်းခံရပြီး ၎င်းတို့နှင့်အတူ သေနတ်ပါမလာကြောင်းသိရသည်။
“ အလက်(သေနတ်)မပါဘဲ ကင်းစောင့်ခိုင်းတာ။ ရှေ့ကင်းတို့ ညကင်းတို့ဆို သေနတ်မပေးတော့ဘူး။ စစ်ကြောင်းထဲမှာဆိုရင်တော့ ပေးတယ်။ နားတဲ့နေရာမျိုးဆို ပြန်သိမ်းတယ်။ စစ်ကြောင်းမှူးက သူတို့ဘယ်လမ်းကသွားတယ်ဆိုတာ သတင်းပေါက်ရင် ခံရမှာစိုးလို့ ဖုန်းတွေလည်းအကုန်သိမ်းထားတယ်” ဟု မြိုင်ပကဖတာဝန်ခံ ဗိုလ်လကျာ်ကပြောသည်။
ဖမ်းဆီးခံရသည့်ရဲတပ်သားများသည် သရက်မြို့မရဲစခန်းမှဖြစ်ပြီး ဒုတပ်ကြပ်ဝေလွင်ထွန်း၊ ရဲတပ်သား ဟိန်းထက်အောင်နှင့် ရဲတပ်သား အောင်လင်းထွန်းတို့ဖြစ်ကြောင်းသိရသည်။
ယင်းစစ်ကြောင်းတွင်ပါဝင်သော ရဲအင်အား ၄၀ခန့်ကို မကွေးမြို့နယ်ရဲစခန်းများက ဖြစ်ပြီးသင်တန်းတက်ရန်ဟု လိမ်လည်ကာ ပခုက္ကူတပ်မ- ၁၀၁သို့ခေါ်ဆောင်လာကာ စစ်ကြောင်းထိုးရာ၌ ထည့်ခေါ်လာခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
ယင်းစစ်ကြောင်းထဲတွင်ပါဝင်သော ရဲများကို အထုပ်ထမ်းခိုင်းခြင်း၊ အလောင်းထမ်းခိုင်းခြင်း၊ စစ်သားများ၏ စားကြွင်းစားကျန်များသာစားနေရခြင်းနှင့် ခွဲခြားဆက်ဆံခံရခြင်းတို့ကြောင့် ထွက်ပြေးလိုသည့် ရဲ များပြားနေသော်လည်း မိသားစုကိုခြိမ်းခြောက်ကာ ဖိအားပေးနေသဖြင့် ထွက်မပြေးနိုင်ကြောင်း မြိုင်ပကဖသတင်းပြန်ကြားတာဝန်ခံကပြောသည်။
“ ပြေးချင်တဲ့သူကများတယ်။ သူတို့က မင်းတို့ပြေးချင်ပြေး နောက်ကမိသားစုကို အန္တရာယ်ပေးမှာ၊ ပြဿနာရှာမှာ ဘာညာဆိုပြီး ဖိအားပေးတာတွေရှိတယ်” ဟု ၎င်းကပြောသည်။
ဖမ်းဆီးရမိထားသော ရဲ ၃ဦးကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထားရှိပြီး မိသားစုနှင့်အဆက်အသွယ်ရရန်ကြိုးစားပေးနေကြောင်း မြိုင်ပကဖကထုတ်ပြန်ထားသည်။