ရဲချုပ်ဟောင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဟောင်းနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဒုဥက္ကဌ ဦးခင်ရီကို အာဏာသိမ်း စစ်ကောင်စီက လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးအဖြစ် ပြန်လည် ခန့်အပ်လိုက်ကြောင်း ၎င်းတို့၏ ယနေ့ ထုတ်ပြန်ချက်များအရ သိရသည်။
အာဏာသိမ်း စစ်ကောင်စီမှ အာဏာသိမ်းခဲ့သည်မှာ ယနေ့ဆိုလျှင် ခြောက်လပြည့်ခဲ့ပြီး ယခင်ဖွဲ့စည်းထားသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအစား “ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့် အစိုးရ” နာမည်ကို ယနေ့တွင် ထပ်မံ ပြောင်းလဲခဲ့သည်။ထို့အပြင် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ဝန်ကြီးဌာနများကိုလည်း ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့သည်။
ဦးခင်ရီသည် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် မတိုင်ခင်ကအထိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရဲချုပ် တာဝန်ယူခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်မှ ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့အထိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတွင် ဝန်ကြီးတာဝန် ယူခဲ့ဖူးသူ တစ်ယောက် ဖြစ်သည်။