အာဏာသိမ်းစစ်တပ်က ယခင်ဖွဲ့စည်းထားသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစား ” ပြည် ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ” အဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ယနေ့ သြဂုတ် ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အိမ်စောင့်အစိုးရတွင် ဝန်ကြီးချုပ်အဖြစ် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုဝန်ကြီးချုပ်အဖြစ် စစ်ကောင်စီ ဒုဥက္ကဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့က ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန် တို့ဖြင့် အိမ်စောင့်အစိုးရကို ဖွဲ့စည်းခဲ့သည်။
ထို့ပြင် တိုင်းနှင့်ပြည်နယ်အစိုးရများအား ယခင် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌနှင့် အဖွဲ့မှ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် တိုင်းဒေသကြီး ဝန်ကြီး ခြောက် ဦးနှင့် ဥပဒေချုပ်တို့ဖြင့် ပြင်ဆင်ဖွဲ့စည်းထားကြောင်း သိရသည်။
“ ခေတ်ဟောင်း ဦးနေဝင်းခေတ်ကလို တိုင်းပြည်အာဏာကို နှစ်ကာလရှည် ချုပ်ကိုင်ဖို့နဲ့ သူတို့ခန့်ထားတဲ့ အာဏာသိမ်းကောင်စီက အရပ်သားတွေကို ချောင်ထိုးချင်လို့လားတော့ မသိဘူး။ စစ်တပ်က အမာခံတွေကို တိုင်းနဲ့ပြည်နယ်မှာ ခန့်နိုင်တယ်။ အရပ်သားစစ်စစ်တွေကို အာဏာသိမ်းတုန်းက ဟန်ပြခန့်ပြတာ ပိုသိသာလာတယ်။ အဲ့တုန်းက ပျော်ပျော်ကြီး ပါခဲ့ကြသူတွေတော့ သမိုင်းပိုရုပ်ဆိုးတော့မယ်” ဟု နိုင်ငံရေး သတင်းများစွာ ရေးသားခဲ့သည့် လုပ်သက်ရင့် သတင်းထောက်တစ်ဦးက ဝေဖန်လိုက်သည်။
လက်ရှိ အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ဝန် ကြီးဌာနများကိုလည်း ထပ်မံတိုးချဲ့ ပြင်ဆင်ဖွဲ့ စည်းနေပြီး COVID ထိန်းချုပ်နိုင်ရေးအတွက် ယခင် ဖွဲ့စည်းထားသည့် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနကို ကျန်းမာရေးဝန်ကြီးဌာနနှင့် လူငယ်ရေးရာနှင့် အားကစားဝန်ကြီးဌာန ဟူ၍ ပြောင်းလဲ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တနသ်ာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၏ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌများအား တာဝန်မှ အနားပေးခဲ့ကြောင်း လည်း စစ်ကောင်စီထုတ်ပြန်ချက်အရ သိရသည်။