ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ကွပ်ကဲမှုအောက်သို့ တရားဝင်ကူးပြောင်းကာ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း Lion Battalion Commando က ထုတ်ပြန်လိုက်သည်။
ကော်သူးလေတပ်မတော်(KTLA)လက်အောက်ခံစစ်ကြောင်းဖြစ်သော Lion Battalion Commando က KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊တပ်မဟာ(၆)၏ ကွပ်ကဲမှုအောက်သို့ တရားဝင်ကူးပြောင်းလိုက်ပြီဖြစ်ကြောင်း Lion Battalion Commando က ဆိုသည်။
ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး KNU တပ်မဟာ( ၆)ရှိ KNUစစ်ရေးသတင်းရင်းမြစ်ထံ မေးမြန်းရာ ဟုတ်မှန်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
“ KTLAက Lion စစ်ကြောင်းက KNU တပ်မဟာ( ၆)အောက်ဝင်တာ သိပ်မကြာသေးဘူး။ကော့ကရိတ်တိုက်ပွဲတွေ မစခင်လောက်က မှ ပူးပေါင်းလာတာပါ” ဟု KNU တပ်မဟာ (၆)ရှိ KNLAစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
KNLA လက်အောက်သို့ Lion Battalion စစ်ကြောင်းကူးပြောင်း တာဝန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်ပြီး စစ်ကြောင်း မှူး ဗိုလ်အယ်စေးဝါးကိုယ်တိုင် ဖြေကြားပေးမည်ဖြစ်ကြောင်း ယင်းစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဂျီဖတ်က ၎င်း၏လူမှုကွန်ရက်ပေါ်၌ ရေသားထားသည်။
“ ဗျူဟာမှူးဗိုလ်အယ်စေး၀ါး ကိုယ်တိုင်လည်း လတ်တလောမှာ တိုက်ပွဲကြား ဦးဆောင်ပြီးစစ်ဆင်ရေး ဖော်ဆောင်နေကာ ရဲဘော်များလည်း ထိခိုက်နစ်နာမှုများနေသော ကာလဖြစ်နေသည့်အတွက် KTLA မှ KNLA သို့ကူးပြောင်းသော အကြောင်းအရာကို ဗျူဟာမှူး အားလပ်သောအချိန်တွင် ဖြေဆိုပေးသွားပါမည်ဖြစ်ကြောင်း မိဘပြည်သူလူထုကို သတင်းကောင်းပါးအပ်ပါသည်” ဟု ရဲဘော်ဂျီဖတ်က ၎င်း၏ လူမှုကွန်ရက်ပေါ်၌ ရေးသားထားသည်။
Lion Battalion Commandoစစ်ကြောင်းအနေနှင့် KNLA လက်အောက်သို့ တရားဝင်ကူးပြောင်း ကြောင်း နိုဝင်ဘာ၆ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသော ကြေညာချက်ကို ယနေ့(ဒီဇင်ဘာ၂၆ရက်) မွန်းလွဲပိုင်းတွင် Lion Battalion Commando-ဗျူဟာစစ်ကြောင်း ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ဖော်ပြထားသည်။
ဗိုလ်မှူးချုပ်စောနယ်ဒါးမြဦးဆောင်သည့် ကော်သူးလေးတပ်မတော် (Kaw Thoo Lei Army- KTLA) ကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၇)၊ ဘားအံခရိုင် အတွင်း လုံးဝ ခြေချခွင့်၊ လှုပ်ရှားခွင့်ပေးတော့မည် မဟုတ်ဟု ယခုနှစ်၊ဧပြီ (၁၁) ရက်နေ့ ရက်စွဲဖြင့် KNU တပ်မဟာ (၇)အလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်ခဲ့ဖူးသည်။