ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်မြေပြင်ရှေ့တန်းသတင်းရင်းမြစ်ထံကသိရသည်။
ယနေ့(ဒီဇင်ဘာ၂၆ရက်) နံနက်အစောပိုင်းတွင် ကျောက်ကြီးမြို့နယ်၊နတ်သံကွင်းမြို့ကို KNLA၊PDFပူးပေါင်းတပ်ဖွဲ့က မြို့သိမ်းတိုက်ပွဲအဖြစ်စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၈ နာရီခန့်၌ မြို့ကို ထိန်းချုပ်နိုင်ခဲ့ကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီဖြစ်ကြောင်းသိရသည်။
“မြို့ကိုတော့ ထိန်းထားနိုင်ပါပြီ။ခုက အခြေအနေက မငြိမ်သေးဘူး။အခြေအနေငြိမ်ရင် သတင်းထုတ်ပေးပါမယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်းစစ်ဒေသ၊အမှတ်-၂ စစ်ဒေသခွဲမှ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးကပြောသည်။
ယင်းမြို့သိမ်းတိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်လေကြောင်းမှ ပစ်ခတ်နေကြောင်းသိရသည်။
“မြို့ကို ဒီနေ့မနက်တက်သိမ်းကြတာ။ငါတို့ ရဲဘော် ၁ ယောက်ကျတယ်။၁ ယောက်ဒဏ်ရာရတယ်။သူကတော့ လက်နဲ့မျက်နှာ အစ မှန်သွားတာ မစိုးရိမ်ရပါဘူး” ဟု တိုက်ပွဲဝင် ရဲဘော် တစ်ဦးကပြောသည်။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုနှင့်လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုစာရင်းကိုမူ မသိရှိရသေးပေ။
ယခုနှစ် ဇွန် လ ၆ ရက်နေ့တွင် နတ်သံကွင်းမြို့ရှိ စစ်တောင်းမြစ်ကူးတံတား ကိုတော်လှန်ရေးတပ်ဖွဲ့များက ဖောက်ခွဲဖျက်ဆီးခဲ့သေးသည်။