မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းရှိ သနပ်ကုန်းရွာသူတစ်ဦး စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ၂၄ရက်၊မွန်းလွဲ ၂နာရီခန့်က မတ္တရာမြို့နယ်၊ကျွဲခြံကုန်းရွာသို့ ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်း ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် သနပ်ကုန်းရွာထဲသို့ ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မတ္တရာမြို့နယ်ပကဖထံက သိရသည်။
“ သေဆုံးသွားတဲ့အမျိုးသမီးက ဝက်စာကျွေးနေတုန်း အဲ့ဒီနားကို လက်နက်ကြီးကျရောက်ပေါက်ကွဲထိမှန်ပြီးသေဆုံးသွားတာပါ။၅ လုံးအထက်ပစ်ခဲ့တာပါ။စကစ စစ်ကြောင်းကတော့ သုံးဆယ်ပေးရွာ ကိုပြန်ဆုတ်သွားပါပြီ” ဟု မတ္တရာမြို့နယ် ပကဖ၊ သတင်းတာဝန်ခံကပြောသည်။
လက်နက်ကြီးကျည် ကျရောက်မှုကြောင့် သနပ်ကုန်းရွာထဲရှိ အိမ်၁လုံး နှင့် ပဲမှော်စင် ၃လုံး မီးလောင်ပျက်စီးခဲ့ကြောင်းလည်း သိရသည်။
“ စစ်တပ်က ပစ်တဲ့ လက်နက်ကြီး ငယ်တိုးကျေးရွာကိုလည်း ၁ လုံးကျခဲ့ပါသေးတယ်။ ထပ်တိုးရှောင်နေရတဲ့စစ်ရှောင်တော့မရှိသေးပါဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် မတ္တရာမြို့နယ်၊ ၊ဆူးလေကုန်း၊ဘိုကုန်း၊ရွှေဘောင်၊သဖန်းဒေါင့်၊ငယ်တိုး၊ရွှေဘိုးကြီး၊ရွှေဘိုးကြီးကျွန်း၊ဟင်္သာကုန်း၊ ဟင်္သာရွာသစ်၊ဒေါင်းကျွန်း၊စုပေါင်းကျွန်းနှင့်သနပ်ကုန်းကျေးရွာတို့မှ ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။