ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ အုပ်ဖိုရွာတွင်နေထိုင်သော ပျူစောထီးသားအဖ ၂ ဦးကို ဒီဇင်ဘာ ၂၄ ရက်၊ မွန်းလွဲပိုင်းတွင် PDF ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဖခင်ဖြစ်သူသေဆုံးသွားခဲ့ကြောင်း ပြည်ခရိုင်၊ တပ်ရင်း ၃၆၀၂ ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
သေဆုံးသွားခဲ့သည့် ပျူစောထီးခေါင်းဆောင်သိန်းမြင့်မှာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ၎င်း၏ လုပ်ရပ်များကို ပြည်သူများက တိုင်ကြားခဲ့သဖြင့် ယခုကဲ့သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ အဓိက အချက်ကတော့ တပ်ကထွက်ပြေးလာတဲ့ စစ်သားတွေကို ပြန်လည်ဖမ်းဆီးခေါ်ဆောင်ပြီး တပ်တွင်းကိုပြန်အပ်တယ်။ ပြည်သူတွေကို အကြောက်တရားရအောင် နည်းမျိုးစုံ ခြိမ်းခြောက်တယ်။ ရွာက လူငယ်တွေကို ပျူသင်တန်းတက်ဖို့ အတင်းစေခိုင်းတယ်။ တော်လှန်ရေးအဖွဲ့တွေကို ကင်းထောက်ပြီး စကစထံ သတင်းပို့တယ်။ ပြည်သူများရဲ့တိုင်ကြားမှုနဲ့ အဲ့ဒီအချက်တွေကို စီစစ်ပြီးမှ အခုလိုပစ်ခတ်ခဲ့တာ” ဟု ပြည်ခရိုင် တပ်ရင်း ၃၆၀၂ ၏ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း သိန်းမြင့်၏သားဖြစ်သူ ပျူစောထီးအဖွဲ့ဝင် ပြည့်စုံသည် PDF ရဲဘော်များကို ပြန်လည်ခုခံနေခြင်းကြောင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒဏ်ရာအပြင်းအထန်ရရှိသွားသဖြင့် စစ်ဆေးရုံတွင်တင်ထားရပြီး သေဆုံးခြင်း ရှိ၊ မရှိကိုအတည်မပြုနိုင်သေးကြောင်း သိရသည်။
“ ကျွန်တော်တို့အနေနဲ့ ရှင်းလင်းရေးမစ်ရှင်အဖြစ် သီးသန့်ဆောင်ရွက်နေခြင်းတော့ မဟုတ်ပါဘူး။ ပြည်ခရိုင်ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုလဲ သတိပေးစာတွေ ပို့ထားတာကြာပါပြီ။ အဲ့ဒီလိုပို့ခဲ့တဲ့အချိန်ကစပြီး နုတ်ထွက်ခြင်းမရှိဘဲ စကစ လက်အောက်ခံအဖြစ် ပြည်သူများကို နည်းမျိုးစုံ ဒုက္ခပေးနေတဲ့ ရပ်ကျေး၊ အုပ်ကြီးတွေနဲ့ ပျူခေါင်းဆောင်အဖွဲ့ဝင်တွေကို ရှင်းလင်းရခြင်းဖြစ်ပါတယ်” ဟု ပြည်ခရိုင်၊ တပ်ရင်း ၃၆၀၂ ၏ ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင်၊ တပ်ရင်း (၃၆၀၂) တပ်ခွဲ (၃) နှင့် SPDF – ရွှေတောင်မြို့နယ် ပ.က.ဖ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
“ စုစုပေါင်း အဖေဖြစ်သူကို ၄ ချက်ထဲနဲ့ ရှင်းလင်းနိုင်ခဲ့ပါတယ်။ သားဖြစ်သူက ပြန်လည်ခုခံလို့ ၃ ချက်ပစ်ခဲ့ပေမယ့် သေကွင်းသေကွက်တော့ တန်းမမှန်ဘူး။ လုံးထွေးသတ်ပုတ်ရင်း အချိန်မရလို့ အမြန် ဆုတ်ခွာခဲ့ရပါတယ်” ဟု တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးက ပြောသည်။
ပြည်ခရိုင်အနေဖြင့် ပဲခူးရိုးမပေါ်တွင် စစ်ရေးအခြေအနေတင်းမာနေပြီး ထိတွေ့တိုက်ပွဲများလည်း ရှိနေခြင်းကြောင့် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သတင်းပေးများ၊ ပျူစောထီးများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဌာနအသီးသီးမှ ဝန်ထမ်းများအားလုံး ပြည်သူနှင့် ပူးပေါင်းကာ အလင်းဝင်ကြရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အသိပေးထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်ကလည်း ပြည်ခရိုင်၊ တပ်ရင်း (၃၆၀၂) တပ်ခွဲ (၃) နှင့် SPDF – ရွှေတောင်မြို့နယ် ပ.က.ဖ တပ်ဖွဲ့တို့ပူးပေါင်း၍ ပေါက်ခေါင်းမြို့နယ်၊ ညောင်ကုန်းအုပ်စု၊ ညောင်ကုန်းရွာနှင့် ချင်းလည်ရွာကြား ခရိုင်ချင်းဆက်လမ်းပေါ်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်စခန်းတစ်ခုကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။