ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၌ ရေသယ်ကား တစ်စီးလျှင် ကျပ် ၆၀၀၀၀ ပေးဝယ်နေရကြောင်း ဒေသခံများ ထံမှ စုံစမ်းသိရှိရသည်။
“ မီးက မလာတာ တစ်လနီးပါးလောက်တောင်ရှိပြီ၊ မီးကမလာ ဓာတ်ဆီကလဲဝယ်ရခက်၊ ရေကလည်းပိုက်ဆံပေး ဝယ်တာတောင် လိုခြင်သလောက်မရဘူး။ မီးမလာတော့ အကုန်ခက်ခဲတယ်” ဟု မူဆယ်မြို့နေ အမျိုးသားတစ်ဦးက ပြောသည်။
မူဆယ်မြို့တွင် ယခင်က ရေသယ်ကားတစ်စီးလျှင် ကျပ် ၁၀၀၀၀ သာရှိသော်လည်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် ရေသယ်ကားတစ်စီးလျှင် ကျပ် ၆၀၀၀၀ အထိစျေးမြင့် တက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
“ မီးမရတော့ ဘာမှလုပ်လို့မရဘူး မီးရှိမှ ချက်ပြုတ်စားသောက်တာကလည်း အဆင်ပြေတာ၊ လျှပ်စစ်မီးမရလို့ မီးသွေး ဝယ်တော့ မီးသွေးစျေးကပါတက်နေတယ်။ ကျတော်ဆို ရေလှည့်ရောင်းတာကြာပြီ၊ မီးမရတော့ မီးစက်မောင်းပြီး ရေတင်ရတာ၊ ဓာတ်ဆီစျေးကလဲ သိတဲ့အတိုင်းပဲလေ” ဟု မူဆယ်မြို့တွင် ရေရောင်းနေသည့် အမျိုးသားတစ်ဦးက ဆိုသည်။
မူဆယ်မြို့ခံများအနေဖြင့် သုံးရေအား ရွှေလီမြစ်မှ ရယူ၍ ရသော်လည်း၊ သောက်ရေအတွက် စျေးကြီးပေးဝယ်ယူနေရ သည့်အပြင် တိုက်ပွဲများကြောင့် ကုန်စျေးနှုန်းများလည်း အဆမတန်စျေးမြင့်နေသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ ဖြေရှင်းပေးရန် မူဆယ်မြို့နေ အမျိုးသားတစ်ဦးက ပြောသည်။
၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ ကွတ်ခိုင်မြို့ရှိ လျှပ်စစ်ဓာတ်အားခွဲရုံ ဖောက်ခွဲခံရ ပြီးနောက် မူဆယ်မြို့တွင် လျှပ်စစ်မီး ရရှိခြင်းမရှိတော့ဘဲ သုံးရေနှင့် မီးသွေးများကို စျေးကြီးပေးဝယ်ယူနေရခြင်းဖြစ် သည်။