စစ်အုပ်စုဝင်များ စွန့်ခွာသွားသော အရာတော်မြို့နယ်၊ နောင်ကြီး အိုင်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်း ပိုက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းရှိ စစ်အုပ်စုဝင်များသည် ဒီဇင်ဘာ ၂၀ ရက်၊ နေ့ခင်းပိုင်း တွင် စခန်းမှစွန့်ခွာကာ အရာတော်မြို့ပေါ်သို့ တက်ပြေးသွားသောကြောင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ က သိမ်းပိုက်လိုက်ခြင်း ဖြစ်ကြောင်း အရာတော်မြို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးကပြောသည်။
“ ကျနော်တို့တော်လှန်ရေးတပ်တွေစခန်းကိုဝိုင်းထားတာ၂ လနီးပါးရှိပါပြီ။ နေ့တိုင်းတိုက်ခိုက်မှု မကြာမကြာ လုပ်ဖြစ်ပါတယ်။သူတို့ ထွက်ပြေးတာကို ဒရုန်း တွေနဲ့ကင်းထောက်ပြီး ရဲဘော်တွေ တဖြည်းဖြည်း စခန်းနားကပ်ကြည့်ရာကနေသိတာပါဗျ။ အခုတော့ နယ်မြေရှင်းလင်းရေးလုပ်ပြီး နေရာကို သိမ်းလိုက်ပါပြီ” ဟု ၎င်းက ပြောသည်။
နောင်ကြီးအိုင် ရဲစခန်းတွင် စစ်သားနရဲနှင့် ပျူစောထီးစုစုပေါင်းအင်အား ၄၀ ခန့်ရှိပြီး ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ ၀င်ရောက်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု များရှိနေ၍ စခန်းမှစွန့်ခွာကာ အရာတော်မြို့ပေါ်သို့ တက်သွားကြခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ သူတို့မထွက်ပြေးခင် တစ်ရက် အလိုမှာ တိုက်ပွဲ ဖြစ်သေးတယ်။ စစ်သားတွေက ဒဏ်ရာရသူများတယ်လို့ ကြားတယ်။ နောင်ကြီးအိုင်ရဲစခန်းက အရာတော်မှာ ဒုတိယအကြီးဆုံးလို့လည်း သိရတယ်။ထွက်ပြေးတဲ့ရက်မှာ အရာတော်မြို့ထဲက စစ်သားတွေကပါ လာခေါ်ပေးတာ။ အင်အား ၁၀၀ လောက်ရှိတယ်” ဟု ၎င်းကပြောသည်။
နောင်ကြီးအိုင်ရဲစခန်းဝန်းကျင်တွင် မကြာခဏ တိုက်ပွဲ ဖြစ်ပွားခဲ့သောကြောင့် နောင်ကြီးအိုင်ရွာအပါ အဝင် အနီးဝန်းကျင် ရှိ ၅ ရွာမှ ဒေသခံ ၁၀၀၀၀ ခန့် နေရပ်စွန့်ထွက်ပြေးနေရသည်မှာ ၃ လ ကျော် ကြာပြီဖြစ်သည်။
ယနေ့(ဒီဇင်ဘာ၂၄ရက်)နံနက်ပိုင်းအထိ တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေဆဲဖြစ်၍ ဒေသခံစစ်ရှောင်များမှာ ရွာထဲသို့ ပြန်မဝင်ကြရသေးကြောင်း ဒေသခံအချို့က ဆိုသည်။