စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မကျီးကန်ရွာ အနီးကို စစ်ကောင်စီတပ်က ရဟတ်ယာဉ် ဖြင့် ၄၅မိနစ်ခန့်ကြာပျံဝဲကာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၀ ရက်၊ ညနေ ပိုင်းတွင် မကျီးကန်ရွာအနီးရှိ တောတိုက်ထဲ၌ ဒေသခံPDFများနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့မှုဖြစ်ပြီး မကြာမီ Mi35 ရဟတ်ယာဉ်ဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။
“ အရင်ဆုံး ကျွန်တော်တို့ ဘက်က ကင်းထောက်ကို စစ်သားတွေ အရင်တွေ့ တော့ သူတို့ဘက်က အရင်တွေ့လို့ စပစ်တာ အပြန်အလှန်ပစ်ခတ်ပြီး နောက်တော့ လေယာဉ်နဲ့ လာပြီး စက်သေနတ်နဲ့ပစ်သွားတာ။ရော့ကက် ၃လုံးထုတယ်။ ဒါပါပဲ။ ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦး ထိတယ်။ အရမ်းမစိုးရိမ်ရပါဘူး “ ဟု အရာတော်မြို့နယ်ရှိ ဒေသခံ ကာကွယ်ရေး ရဲဘော်တစ်ဦးကပြောသည်။
ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ရာတွင် မြေပြင်ရှိစစ်ကောင်စီတပ်ကိုလည်း ပစ်ခတ်မိပြီး စစ်တပ်က ဖမ်းဆီးထား သည့် ဓားစာခံပြည်သူတစ်ဦး သေဆုံးသွားကြောင်း သတင်းထွက်ပေါ်နေသည်ဟု မကျီးကန်ရွာအနီး နေဒေသခံတစ်ဦးကပြောသည်။
“ဓားစာခံ အဖမ်းခံထားရတာ ၁၂ရက်လောက်ကြာပါပြီ။လွန်ခဲ့တဲ့ ၁၂ရက်လောက်ကတည်းက စစ် ကြောင်းထိုးလာလို့ ကျနော်တို့ ထွက်ပြေးနေရတာ အခုထိ ရွာထဲ ပြန်မဝင်နိုင်သေးဘူး”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးနေသဖြင့် မကျီးကန်ရွာ အပါအဝင် ရွာ ၄ ရွာမှ ပြည်သူ ၅၀၀ ကျော်မှာ ယခုအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် အရာတော်မြို့ရှိ တင့်ကားတပ်ရင်း- ၅၀၀၄ သို့ ယနေ့(ဒီဇင်ဘာ၂၁ရက်)နံနက် ၂နာရီကျော်တွင် ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်းသိရသည်။