စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ညောင်ပေါင်ရင်းကျေးရွာကိုစစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့ရာ အိမ် ၁၃ လုံးမီးလောင်ပြာကျခဲ့ကြောင်းသိရသည်။
ဒီဇင်ဘာ ၁၆ ရက်၊နံနက် ၁၀ နာရီ ခန့်တွင် စစ်သားအင်အား ၁၀၀ ခန့်သည် ညောင်ပေါင်ရင်း ကျေးရွာ အတွင်းသို့ ၀င်ရောက်လာကာ မီးရှို့ ခဲ့ခြင်းဖြစ်ကြောင်း Infinity Group တာ၀န်ခံ ကပြောသည်။
” မနက် ၇ နာရီလောက်က ရောက်ပြီးတော့ ညောင်ပေါင်ရင်း ရွာကို ခြေလျင် စစ်ကြောင်းနဲ့ ၀င်ပြီး စစ်ကြောင်းနှစ်ကြောင်းနဲ့ မီးရှို့သွားတာပါ။ ပြည်သူတွေကို ကြိုရှောင်ခိုင်းထားတော့ အထိ အခိုက်မရှိလိုက်ဘူး “ ဟု ၎င်းက ပြောသည်။
ယင်း စစ်ကြောင်းသည် နတ်အင်းရွာအနီးရှိ တောတိုက် များထဲမှ စစ်ရှောင် တဲများ ကိုမီးရှို့ဖျက်ဆီး ပြီးနောက် ညောင်ပေါင်ရင်း ရွာထဲသို့ ဝင်ရောက်မီးရှို့ခြင်းဖြစ်ပြီး ညောင်ပေါင်ရင်း ရွာ အပါအဝင် အနီးရှိ ရွာ၄ ရွာမှ ပြည်သူ ၈၀၀ ကျော် ထွက်ပြေး ခဲ့ရကြောင်း သိရသည်။
” နတ်အင်းကို အရင်ရောက်လာတော့ ကျွန်တော်တို့အနေနဲ့ ရှောင်တိမ်းချိန် နာရီ၀က်လောက်တော့ရလိုက်တယ်။ အရင်ကတည်းက စစ်ကြောင်းထိုးလာရင် ထွက်ပြေးဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ ပစ္စည်းတွေကို သိမ်းထားတော့ စစ်သားတွေက ယူသွားတာမျိုးတော့မရှိဘူး။ နတ်အင်းမှာတုန်းက နွားတွေရော ဆန်တွေရော အကုန်ယူသွားတာ ” ဟုညောင်ပေါင်ရင်းရွာသားတစ်ဦးကပြောသည်။
စစ်တပ်က မည်သို့သောအကြောင်းကြောင့် ညောင်ပေါင်ရင်းရွာထဲသို့ ဝင်ရောက်မီးရှို့သလဲဆိုသည်ကို မူ မသိရှိပေ။
ယင်းစစ်ကြောင်းသည် ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်း သို့ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပြီး ယနေ့(ဒီဇင်ဘာ ၁၇ ရက်)နံနက်ပိုင်း၌ စစ်ကြောင်းရှောင်ပြည်သူများလည်း သက်ဆိုင်ရာ ရွာအသီးသီးသို့ ပြန်လည်ရောက်ရှိ ကြပြီဖြစ်ကြောင်း သိရသည်။