စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တော်လှန်ရေး ရဲဘော်များ ထိခိုက်မှုမရှိသော်လည်း မူးဝေအော့အန်မှု ဖြစ် ကြကြောင်း သိရသည်။
ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ထီးချိုင့်မြို့ဝန်းကျင်ရှိ ဖက်တောင်ခြေနှင့်ကျောက်စေတီတောင်ခြေတို့ကို စစ်ကောင်စီတပ်က တိုက်လေယာဥ် ၂ စင်းဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့ပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း အမှတ်(၁)စစ်ဒေသ Northern ABSDF က သတင်းထုတ်ပြန်သည်။
“လေကြောင်းတိုက်ခိုက်မှုကတော့ နေ့စဥ်နဲ့အမျှကိုတိုက်နေတာပဲ။စက်သေနတ်နဲ့ဆွဲတာက လေယာဥ်မှာပဲ ပွိုင့်5 ဆင်ထားတာ။Mi 35 နဲ့ပစ်တာမဟုတ်ပါဘူး။လေယာဥ်ဗုံးကြဲပြီး နေ့လယ်ပိုင်းလောက်မှာ မူးဝေအော့အန်မှုတွေဖြစ်လာတယ်။ဓာတုဗုံး သုံးလို့သာ ဒီလိုဖြစ်ရတာ။Gas ငွေ့ကိုရှူရှိုက်ပြီးမှ မူးဝေအော့အန်တာ အချိန် ၁ နာရီလောက်အကြာမှာဖြစ်တာ ။ချက်ခြင်းမူးဝေအော့အန်တာမဟုတ်ဘူး”ဟု အမှတ်(၁)စစ်ဒေသ ABSDF မြောက်ပိုင်း ထောက်လှမ်းရေးတာဝန်ခံ ရဲဘော်ကိုစော ကပြောသည်။
မူးဝေအော့အန်သောရဲဘော်များမှာ အသက်အန္တယ်စိုးရိမ်ရသည့်အခြေအနေမရှိကြောင်းသိရသည်။
“ထီးချိုင့်မြို့ပေါ်မှာက လူမရှိတော့ဘူး။စစ်ရှောင်သွားကြပြီ။မီးလောင်ဗုံးတွေ တောက်လျှောက်ကြဲတယ်။နေအိမ်ပျက်စီးမှုကတော့ မြို့ရဲ့တစ်ဝက်ကျော်ကတော့ ပြာကျသွားပြီ။နေအိမ်ပျက်စီးမှုကတော့ မြို့တစ်ဝက်ကျော်ဆိုတော့ တွက်သာကြည့်တော့ဗျာ”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကပြောသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ထီးချိုင့်မြို့အနီးနှင့်မြတောင်ရွာဘက်ကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့သေးသည်။
ထီးချိုင့်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက နိုဝင်ဘာ၈ရက်မှစတင်ကာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိသည်။