ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ် မဒိန့်ကျေးရွာအနီးတွင် ဇူလိုင်လ ၂၉ရက် မနေ့ည ၁၀ နာရီခွဲဝန်းကျင်မှစတင်၍ ကချင်လွပ်မြောက်ရေး တပ်မတော် KIA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီကျော်ကြာခဲ့ပြီး လက်နက်ကြီးများ အသုံးပြုပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ မနေ့ည ၁၀ နာရီခွဲလောက်က စပြီး အပြန်အလှန် ပစ်ခတ်သံ တွေကြားရတယ်။ နောက် လက် နက်ကြီးသံတွေပါ အဆက်မပြတ်ကြားရတယ်။” ဟု ဒေသခံတစ်ဦးက MPAသို့ပြောသည်။
KIAတပ်ဖွဲ့မှ မဒိန့်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်ရင်းတခုအား ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း လတ်တလောသိရှိရပြီး MPAအနေဖြင့် အတည်ပြုနိုင်ရေး ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။
ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရေး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးအပတ်ကလည်း မြစ်ကြီးနား-ဝိုင်းမော်ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား စုပေါင်းဂိတ်သို့ KIAတပ်ဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးရဲများ ဒဏ် ရာရပြီး ကင်းတဲများမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။