ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ အကျဉ်းထောင်အနီးတွင် ဆိုင်ကယ်ဖြင့် လာသောပြည်သူ ၂ဦး ကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ ၁ဦး သေဆုံးသွားကြောင်း သိရသည်။
ဒီဇင်ဘာ ၁၀ရက်၊မွန်းလွဲ ၁နာရီဝန်းကျင်က လွိုင်ကော် အကျဉ်းထောင်အနီး တွင် ပြည်သူ၂ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။
“ မနေ့က လမ်းမှားပြီးရောက်သွားတဲ့ အမျိုးသား ၂ ဦးကို စစ်တပ်က ပစ်တာ။ ၁ ဦးသေသွားပြီး ၁ ဦးလွတ်သွားပါတယ်။ပွဲချင်းပြီးပဲ။အသေကို ပစ်တာ” ဟု ၎င်းက ပြောသည်။
ပစ်ခတ်ခံရသည့် အမျိုးသား ၂ဦးမှာ လွိုင်ကော်မြို့တွင် နေထိုင်သူများဖြစ်ပြီး တောင်ကြီးမြို့သို့ ရွှေ့ပြောင်းနေထိုင်ရန် သွားစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ သေသွားတဲ့ တစ်ယောက်က သူ့သူငယ်ချင်းနဲ့ တောင်ကြီးကို တက်မလို့ဆိုပြီး ဆိုင်ကယ် ၁ စီးစီ နဲ့သွားတာ။လမ်းမှာ PDFတွေက တားသေးတယ်။အဲ့ဒါကို မောင်းပြေးတာ။အကျဉ်းထောင်ဘက်ကို လမ်းမှားပြီးရောက်သွားတော့ စစ်သားတွေက လှမ်းပစ်တာ။၁ ဦးသေသွားတယ်။နောက် ၁ ယောက်ကတော့ လွတ်သွားတယ်။သူလည်း ကျည်ထိလား၊ မထိလား သေချာတော့ မသိဘူး” ဟု ၎င်းက ပြောသည်။
လွိုင်ကော်မြို့တွင်း၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လွိုင်ကော်မြို့ခံများအနေဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် ရပ်ကွက်များသို့ ဖြတ်သန်းသွားလာခြင်းမပြုကြရန် KNDFတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ပြည်သူတွေအနေနဲ့ကျွန်တော်တို့မဟာမိတ်တပ်ဖွဲ့တွေပြောတာနားထောင်ဖို့လိုမယ်။စစ်သားတွေကတော့ ဘယ်ပြည်သူဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပစ်မှာမို့ ဂရုစိုက်ကြပါ” ဟု ၎င်းက ပြောသည်။
လွိုင်ကော်မြို့ခံအများစုမှာ ဒီးမော့ဆိုနှင့် ရှမ်း-ကယားနယ်စပ်ဘက်သို့ တိမ်းရှောင်နေကြပြီး မြို့တွင်း ၌ပြည်သူအချို့ ပိတ်မိနေသေးကြောင်း သိရသည်။