ရန်ကုန်မြို့၊တာမွေမြို့နယ်၊ကျောက်မြောင်း၊သီတာလမ်းတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး သေဆုံးကာ ၃ဦး ဖမ်းဆီးခံရကြောင်း သိရသည်။
ယနေ့(ဒီဇင်ဘာ၈ရက်) ည ၆နာရီ မိနစ်၃၀ဝန်းကျင်က ကျောက်မြောင်း၊သီတာလမ်းတွင် စစ်ကောင်စီတပ်က လူငယ်တစ်ဦးကို ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သီတာ လမ်းအနီးနေပြည်သူတစ်ဦးက ပြောသည်။
“ ဒီနေ့ ၆နာရီ ၃၀မိနစ်ကြားမှာဖြစ်တာ။စစ်သားတွေက လူငယ်တစ်ယောက်ကို ပစ်လိုက်တယ်။အဖမ်းခံထားရတဲ့ လူငယ် ၃ယောက်လည်း တွေ့တယ်”
ဟု ၎င်းက ပြောသည်။
ယင်းပစ်ခတ်မှုအတွင်း ထွက်ပြေးလွတ်မြောက်သွားသူ ရှိသည့်အတွက် စစ်ကောင်စီတပ်က သီတာလမ်းနှင့် ယင်းပတ်ဝန်းကျင်လမ်းများအတွင်းသို့ လှည့်လည် ရှာဖွေလျက်ရှိကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။
“ ဒီနေ့ သီတာလမ်းဖြစ်စဉ်မှာ ပစ်ခတ်ခံရတဲ့ ကောင်လေးက အဲ့နေရာမှာပဲ သေသွားပါပြီ။ဘာကြောင့်လဲတော့ မသိသေးဘူး” ဟု ၎င်းကပြောသည်။
ယနေ့ ည ပစ်ခတ်ခံရသည့် လူငယ်ရော ဖမ်းဆီးခံရသည့် လူငယ် ၃ဦးပါ အမျိုးသားများဖြစ်ကြောင်း သိရသည်။
“ ပစ်ခံရတဲ့ ကောင်လေးက သေလားရှင်လာတော့ မသိဘူး။ပက်လက်ကြီးလဲနေတာတွေ့တယ်။အဲ့နားမှာ အသုပ်စားနေတဲ့ လူတွေတော့ သေနတ်သံကြားတာနဲ့ ပြေးကြတာ” ဟု သီတာလမ်းအနီးနေ ပြည်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် သီတာလမ်းတဝိုက်နှင့် တာမွေဈေးအနီး၌ အရပ်ဝတ်များချကာ စောင့်ကြည့်နေကြောင်း အမည်မဖော်လိုသူ ရဲအရာရှိက ပြောသည်။