စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အခြေစိုက်၊ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA) ထံသို့ ရဲ ဒုတပ်ကြပ် တစ်ဦးနှင့် ကျန်းမာရေးဝန်ထမ်းတစ်ဦး အလင်းဝင်ခဲ့သည်ဟု ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂ရက်နေ့တွင် ကနီမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတပ်ကြပ်စိုးထက်အောင်သည် ၇.၆၂ကျည်အမျိုးစား ၄၀၊ ၅.၅၆ ကျည်အမျိုးစား ၂၀၊ လက်ထိပ်တစ်ခု၊ ဆိုင်ကယ်တစ်စီးဖြင့် ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ (အာဏာရှင် တော်လှန်ရေးပြည်သူ့တပ်မတော် ADPRA) ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ ဒီဇင်ဘာ ၅ရက်နေ့တွင်လည်း ကနီပြည်သူ့ဆေးရုံ၊ ငှက်ဖျားဌာနမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သူ ဦးနေဇာအောင်သည် AMBULANCE တစ်စီးဖြင့် ထပ်မံအလင်းဝင်ရောက်ခဲ့သည်။
“ ကျတော်တို့ဆီကို အလင်းဝင်ဖို့ ဆက်သွယ်ထားတာတွေရှိတယ်။ ကျတော်တို့လည်း လက်ခံနေပါတယ်” ဟု ADPRA ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက MPA သို့ ပြောသည်။
အလင်းဝင်ရောက်လာသူများကို ADPRA မှ ကောင်းမွန်စွာကြိုဆိုခဲ့ပြီး၊ ထိုက်သင့်သည့် ဆုငွေများပေးအပ်ခဲ့ကာ၊ ၎င်းတို့၏ သဘောဆန္ဒများကို မေးမြန်းကာ ဆန္ဒများအတိုင်း စီစဥ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ကိုမျိုးကြီးက ပြောသည်။
“ အခုလို စစ်သားတွေ၊ ရဲတွေသာမက ကျန်းမာရေးဝန်ထမ်းတွေလည်း အမြင်မှန်ရလာကြတော့ ဝမ်းသာပါတယ်။ သူတို့လည်း အသက်အန္တရာယ်မရှိ၊ ပြည်သူ့ရဲဘော်တွေလည်း အန္တရာယ်တွေလျှော့တာပေါ့” ဟု ကနီမြို့ခံ အမျိုးသား တစ်ဦးက ပြောသည်။
ထို့ပြင် ထပ်မံအလင်းဝင်ရောက်လာမည့်သူများကိုလည်း ADPRA မှ ကြိုဆိုမည်ဖြစ်ပြီး၊ ထိုက်သင့်သည့် ဆုငွေများကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း လက်နက်ချပါက စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးအရေးယူမည်ဟု ADRPA က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလတွင်လည်း ADPRA ထံသို့ ရဲတပ်သားနှစ်ဦးနှင့် ပြည်သူ့စစ်တစ်ဦး လက်နက်နှင့် အတူ အလင်းဝင်ရောက်ခဲ့သေးသည်။



