တော်လှန်ရေးအင်အားစုများအနေဖြင့် ရန်ကုန်မြို့တွင် စစ်ဆင်ရေးများတိုးမြှင့်ဆောင်ရွက်တော့မည်ဖြစ် သောကြောင့် ပြည်သူများအသွားအလာဆင်ခြင်ကြရန် သတိပေးထားသည့်အတိုင်း ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ခံများကဆိုသည်။
“ သူတို့ (တော်လှန်ရေးအင်အားစု) သတိပေးထားတဲ့အထဲမှာ ပါပြီးသားလေ။ အသံကြား မကြည့်ပါနဲ့။ အထုတ်တွေ့ မကောက်ပါနဲ့။ ကိုယ်တိုင်တွေ့ရင်တောင် လိုင်းပေါ်တင်ပြီး နေရာမပြောဖို့၊ CCTV တွေ လည်း ဖြုတ်ပေးထားဖို့ သတိပေးတယ်။ အဲ့ဒီအတွက် ကိုယ်တိုင်လည်း မလုပ်မိအောင်နေတယ်။ တတ် နိုင်သလောက်လည်း မျှဝေပေးတယ်။ မစ်ရှင်(စစ်ဆင်ရေး)တစ်ခု ဖျက်လိုက်ရရင် ဘယ်လောက်ထိ ဆုံး ရှူံးရတယ်ဆိုတာ သိနေလို့ပါ” ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စာသင်ကျောင်းများ၊ ရုံးများ၊ လမ်းဆုံလမ်းခွများ၊ လူထူထပ်သည့်နေ ရာများတွင် တပ်စွဲထားခြင်းကြောင့် ရှောင်တိမ်းသွားလာရန်ခက်ခဲနေပြီး ရန်ကုန်မြို့နေပြည်သူများအနေ ဖြင့် အရေးပေါ်ကာလအတွက် ယခုအချိန်ကတည်းကကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ကြောင်း ရွှေပြည်သာမြို့နယ်အတွင်းနေထိုင်သူတစ်ဦးကဆိုသည်။
“ဝမ်းရေးအတွက် လှုပ်ရှားသွားလာနေရတဲ့ သူတွေအတွက်ကတော့ ဒီလိုခက်ခဲနေတဲ့ကာလမှာ ဘာမှမ ဖြစ်သေးခင်တော့သွားလာနေရဦးမှာပဲ။ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်)နဲ့ နီးလို့ဆိုပြီး ရှောင်ဖို့က တစ်ချို့ နေရာတွေကအဆင်မပြေဘူး။ အဲ့ဒီနားတွေကဖြတ်ရင် သတိတော့ထားရတာပေါ့”ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်သည့် စစ်ပွဲများအရှိန်အဟုန်ကောင်းစွာ ဖြစ်ပွားနေပြီး ရန်ကုန်ကဲ့သို့ မြို့ပြများတွင်လည်း တိုက်ပွဲများပြင်းထန်လာနိုင်သဖြင့် မြို့နေပြည်သူများ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ထားသင့်ကြောင်း လှိုင်မြို့နယ်အတွင်းနေထိုင်သည့် လူငယ် တစ်ဦးကဆိုသည်။
“၁၀၂၇ စစ်ဆင်ရေးစတင်ကတည်းက စစ်ရေးဘောင်ကျယ်သထက် ကျယ်လာတာ အားလုံးသိရှိပြီး ဖြစ်ပါတယ်။ စစ်ရေးအရှိန်မြင့်မားလာတာနဲ့အမျှ မြို့ပေါ်ကိုလည်း ရောက်လာမှာဖြစ်တယ်လို့ တော်လှန် ရေးအင်အားစုတွေက သတိပေးထားပါတယ်။ မြို့ခံများအနေနဲ့လည်း တော်လှန်ရေး သတင်းကို အမြဲနား စွင့်ပြီး တစ်ကိုယ်ရည် မဖြစ်မနေအရေးကြီးတဲ့ပစ္စည်းတွေကိုပြင်ဆင်ထားပါ။ မိမိ လုံခြုံရေးကို ဂရုစိုက်ပြီး တော်လှန်ရေးမှာ တတ်နိုင်တဲ့ဘက်ကပါဝင်ကြဖို့ လိုတယ်”ဟု ၎င်းကဆိုသည်။
ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးကလည်း “ အစာရေစာ၊ ငွေကြေး၊ ဆေးဝါး ဒါတွေကို စုဆောင်းထား သင့်ပါတယ်။ အရေးပေါ်ဆက်သွယ်ရေး၊ သူနာပြုစုနည်း၊ စစ်ပွဲအတွင်း ဆောင်ရန်ရှောင်ရန်တွေကိုလည်း ကြိုတင်လေ့လာထားသင့်တယ်။ အရေးပေါ်ထွက်လမ်းအတွက်လည်း ကြိုတင်စဉ်းစားထားနိုင်ကြဖို့လိုပါ တယ်” ဟု ပြောသည်။
ယခုလအတွင်း Yangon Army တော်လှန်ရေးအဖွဲ့က ရန်ကုန်မြို့ရှိ မြို့မရဲစခန်းနှစ်ခုကို ဖောက်ခွဲတိုက် ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး လာမည့်ကာလများတွင်လည်း စစ်ဆင်ရေးအသစ်များထပ်မံဖော်ဆောင် သွားမည်ဖြစ်သောကြောင့် မြို့နေပြည်သူများအနေဖြင့် သတိပြုသွားလာနေထိုင်ကြရန် သတိပေးခဲ့ခြင်း ဖြစ်သည်။