စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ဆိုင်ကယ်တစ်စီးစာ စက်သုံးဆီ ရရှိရန် ၃နာရီခန့်ကြာ တန်းစီနေရ ကြောင်း သိရသည်။
မုံရွာမြို့ထဲရှိ ဆီဆိုင်ကြီးများတွင် 92 တစ်လီတာလျှင် ကျပ်၃၄၀၀ဝန်းကျင်နှင့် ဆီဆိုင်အသေးများတွင် တစ်လီတာလျှင် ကျပ်၄၆၀၀ဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း ယနေ့ (ဒီဇင်ဘာ၇ရက်) ဆီဖြည့်ရန် တန်းစီးခဲ့ရသည့် အမျိုးသားတစ်ဦးကပြောသည်။
“ တခါတန်းရင် ၃နာရီလောက်ကြာတယ်။ ဆိုင်ကယ်တစ်စီးတော့အပြည့်ထည့်ပေးတယ်။ ဗူးအပိုတော့ထည့်မပေးဘူး” ဟု ၎င်းကပြောသည်။
မုံရွာမြို့ထဲတွင် အကန့်အသတ်ဖြင့် ဆီရောင်းချနေပြီး မြို့ပြင်ရှိ ဆီဆိုင်များတွင်မူ ဒီဇင်ဘာ ၆ရက်နေ့ကတည်းကပင် ဆီပြတ်သဖြင့် ပိတ်ထားကြောင်း မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးဘေးနေ အမျိုးသားတစ်ဦးကပြောသည်။
” မြို့ထဲမှာက လှောင်ထားတာ တချို့ကျန်သေးတော့ ချက်ချင်းပြတ်မှာမဟုတ်ဘူး။ မြို့ပြင်ကဆိုင် တွေ ရွာတွေဘက်ကဆိုင်တွေတော့ ပိတ်ကုန်ပြီ” ဟု ၎င်းကပြောသည်။
ယင်းသို့ ဓာတ်ဆီဈေးတက်လာသည့်အပြင် အလုအယက်ဝယ်ယူနေကြမှုကြောင့် ဓာတ်ဆီပြတ်မည်ကို စိုးရိမ်ကြောင်း မုံရွာမြို့ခံတစ်ဦးကပြောသည်။
” ဆီတွေကို အလုအယက်ဝယ်ကြတာ။ တချို့ဆိုင်တွေဆို ဝယ်တောင်မရတော့ဘူး။ ဝယ်မရဘူးဆိုပြီး ကြားကြတာနဲ့ တချို့တွေက ပုံးလိုက်ကိုဝယ်ကြတာ။ အဲ့ဒါကြောင့်မို့ ထိုးတက်သွားတာလို့ မြင်တယ်။ ” ဟု ၎င်းကပြောသည်။
ယင်းသို့သောအခြေအနေကြောင့် သွားရေးလာရေးခက်ခဲနိုင်ပြီး ကျေးလက်နေပြည်သူများအတွက် စိုက်ပျိုးရေးလုပ်ငန်းပါ အခက်အခဲရှိလာနိုင်ကြောင်း မုံရွာ ကျေးလက်နေ တောင်သူတစ်ဦးကပြောသည်။
“ ကျနော်တို့ တောဘက်ကကျ အခင်းရေတင်တာတွေကအစ စက်မောင်းပြီး တင်ရတာဆိုတော့ ရေတင်ဖို့အတွက် တော်တော်ခက်ခဲသွားနိုင်တယ်” ဟု ၎င်းကပြောသည်။
မုံရွာမြို့ ဆီဆိုင်ကြီး များတွင် 95 တစ်လီတာလျှင် ကျပ်၃၈၀၀ ဝန်းကျင်ရှိပြီး ဆိုင်အသေးများတွင် တစ်လီတာလျှင် ကျပ်၄၈၀၀ ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိသည်။
ယခုရက်ပိုင်းအတွင်း စက်သုံးဆီ ပြတ်လပ်ခြင်းပြဿနာကို မြန်မာနိုင်ငံတစ်ဝန်း၌ ရင်ဆိုင်နေရသည်။