မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် စက်သုံးဆီ
ပြတ်လပ် နေခြင်းကြောင့် အရောင်းဆိုင်အချို့ ပိတ်ထားကြောင်းသိရသည်။
ယနေ့(ဒီဇင်ဘာ ၆ ရက်)မှစတင်၍ စက်သုံးဆီအရောင်းဆိုင်အချို့ပိတ်ထားပြီး စက်သုံးဆီ ပေါက်ဈေးမှာ 92 ၁ ဂါလန် လျှင် ကျပ်၁၄၀၀၀ နှင့် 95 ၁ ဂါလန်လျှင် ကျပ်၁၈၀၀၀ ရှိကြောင်း စက်သုံးဆီ ရောင်းသူ တစ်ဦးကပြောသည်။
“ အခု မနက်ပဲ ၁၃၀၀၀ ရောင်းနေရင်း နာရီပိုင်းတင်ကို ၁၄၀၀၀ ရောင်းမှရတော့မယ် တဲ့။ ချက်ချင်းကို တက်သွားတာ။ ယူနေတဲ့ဆိုင်ကလည်း ဓာတ်ဆီတွေမရှိတော့ဘူးတဲ့။ တခြားဆိုင်တွေဆို မရောင်းဘဲ ပိတ်ကုန်ပြီ။ ပုံးတွေနဲ့ လာ၀ယ်ရင်တောင် မရောင်းတော့ဘူး။ ကုန်သွားရင် ခက်မှာ” ဟု ၎င်းက ပြောသည်။
မိုးကုတ်မြို့တွင်း၌ အိမ်သုံးဂက်စ်များလည်း ပြတ်လပ်နေသည်မှာ ၁ပတ်နီးပါးခန့်ကြာပြီဖြစ်ကြောင်း အိမ်သုံး ဂက်စ် ရောင်း၀ယ်ရေးဆိုင်မှ ဆိုင်ရှင်အမျိုးသားတစ်ဦးကပြောသည်။
“ ဂက်စ်က ပြတ်နေတာကြာပြီ။ ကျွန်တော်တို့ဆိုင်က အရင်က နည်းနည်းသိုလောင်ထားလို့ အခု တစ်ရက်ကို ဘူး အရေအတွက် နည်းနည်း ထုတ်ပေးနေတာ။ အကုန်ပြတ်သွားမှာလည်း စိုးရိမ်တယ် “ ဟု ၎င်းက ပြောသည်။
ယခုရက်ပိုင်းမှ စက်သုံးဆီ ပြတ်လပ်ခြင်းပြဿနာကို မြန်မာနိုင်ငံတစ်ဝန်း၌ ရင်ဆိုင်နေကြရသည်။