ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ မိုးညှင်း – အင်းတော်ကြီးလမ်းပိုင်း၊ ဘီလူးမြို့ကျေးရွာ၏ အနောက်ဘက် ခြမ်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA နှင့် PDF တပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ယမန်နေ့ (ဒီဇင်ဘာ ၄ ရက်)၊ ညသန်းခေါင်၌ ဘီလူးမြို့ကျေးရွာအနီးတွင် အင်အား ၃၀ ခန့်ဖြင့်တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်စခန်းကို ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ဒီဇင်ဘာ ၅ ရက် ၊ မနက် ၃ နာရီခန့်၌ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“ အခု သိမ်းပိုက်တာက လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကို လုံခြုံရေးယူပေးထားတဲ့ တပ်စခန်းပါ။ ဒီမနက်မှာ စခန်းကို သိမ်းလိုက်နိုင်တယ်။ စစ်ရေးအရ အရေးပါတဲ့ တပ်စခန်းတစ်ခုပါ” ဟု ရှေ့တန်းစစ်မြေပြင်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
“ လေတပ်က ဘီလူးရွာနားမှာ ရှိတာ၊ ညကရော၊ အခုမနက်ရော လက်နက်ကြီးသံတွေ ကြားရတယ်။ အခုသိမ်းလိုက်တဲ့ စခန်းကလည်း အင်အားအသင့်အတင့်ရှိတယ်” ဟု ဘီလူးမြို့ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီတပ်စခန်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု ကနဦးသိရသော်လည်း ဖုန်းလိုင်းအခက်အခဲအရ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထို့ပြင် ယနေ့မနက်အစောပိုင်း၌ မိုးညှင်းမြို့မှ စစ်ကောင်စီ စစ်ကားနှစ်စီးသည် ဘီလူးမြို့ကျေးရွာသို့ ထွက်ခွာသွား သည်ကို မြင်တွေ့ခဲ့ကြောင်း မိုးညှင်းမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ ဘီလူးမြို့ရွာနဲ့ မိုးညှင်းက ခြောက်မိုင်လောက်ပဲ အကွာရှိတယ်။ မနက်အစောကပဲ နှစ်စီး ထွက်သွားတာ။” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်၌ ကောလင်းမြို့ကို KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်ပြီးနောက်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဗန်းမော်၊ မိုးကောင်းနှင့် မိုးညှင်းမြို့များ၌ စစ်ကောင်စီတပ်နှင့် KIA တပ်တို့အကြား စစ်ရေးတင်းမာလျက်ရှိသည်။