စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ စီးပွားရေးဘဏ်တွင် အထိုင်ချထားသော စစ်ကောင်စီတပ်သားများကို ဒီဇင်ဘာ ၂ ရက်၊ ညနေ ၅ နာရီအချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခံခဲ့ရသဖြင့် ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သတင်းထုတ်ပြန် ခဲ့သည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှာ စီပွားရေးဘဏ်ရှေ့တွင် အထိုင်ချထားသည့် ဘန်ကာများအတွင်း ကစစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း ၄ – MSPDF ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက MPA ကိုပြောသည်။
“ စီးပွားရေးဘဏ်မှာက စစ်သား ၁၅ ယောက် အထိုင်ချထားတယ်။ ပြီးတော့ ဘဏ်ကမြို့လယ်မှာရှိတာ။ သူတို့ရှိတဲ့ဘန်ကာနားအထိကပ်သွားပြီး မီတာ ၅၀ လောက်ကနေ တိုက်ခိုက်ခဲ့တာ။ တိုက်ခိုက်မှုကြာချိန် မိနစ် ၂၀ လောက်ရှိပါတယ် ။ စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိတယ်လို့ အတည်ပြုပြီးပါပြီ” ဟု ၎င်းကပြောသည် ။
ယင်းတိုက်ခိုက်မှုတွင် လမ်းအခြေအနေအရ စစ်ကောင်စီတပ်က သတင်းကြိုရသွားခဲ့သော်လည်း ကာ ကွယ်ရေးတပ်ဖွဲ့များက ဆက်လက်တိုက်ခိုက်ခဲ့ပြီး ၊ ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း CDSOM မြောက်ပိုင်းတိုက်ခိုက်ရေးတာဝန်ခံဗိုလ်စင်္ကြာက ပြောသည်။
“ အမှန်တိုင်းပြောရရင် မြို့လယ်လမ်းအတိုင်းတက်သွားတာ ။ ကျွန်တော်တို့တက်လာတာမြင်တော့ ဘန် ကာထဲကနေ အရင်စပြီးလှမ်းပစ်တယ် ။ ဒါပေမယ့် ကျွန်တော်တို့က နောက်ပြန်မဆုတ်ပဲ နေရာကောင်း ကောင်းယူပြီး ပြန်ပစ်ခဲ့တယ် ။ ၂ ဦးသေတာက မျက်မြင်ပါ ။ နောက်ပြီး ဘဏ်ရှေ့ကဘန်ကာကိုလဲ လက် နက်ကြီးနဲ့ပစ်ပြီး ဖြိုခွဲနိုင်ခဲ့တယ်” ဟု ၎င်းက ပြောသည်။
ဒဏ်ရာရစစ်သားများ မည်သည့်နေရာတွင် ဆေးကုသမှု့ခံယူနေသည်ကို မသိရသော်လည်း မြင်းမူပြည် သူ့ဆေးရုံကြီးတွင် ဆေးကုသရန်လိုအပ်သည်များကို လာရောက်ယူဆောင်သွားကြောင်း MSPDF ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးကပြောသည် ။
“ ဒဏ်ရာရစစ်သားတွေကိုရော နောက်ပြီး သေဆုံးတဲ့စစ်သားတွေကိုပါ မနေ့က ကားနဲ့လာခေါ်သွားတယ် လို့ သိရတယ် ။ ဘယ်ကို ခေါ်သွားလဲတော့ မသိရသေးဘူး ။ နောက်ပြီး တိုက်ခိုက်မှုအပြီးမှာ စီးပွားရေး ဘဏ်ကို အင်အားတိုးမြှင့်တာမျိုး ၊ အစစ်အဆေးတင်းကျပ်တာမျိုး မရှိသေးဘူး” ဟု ၎င်းကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF ၊ စစ်ကိုင်းခရိုင်အမှတ် ( ၆ )တပ်ရင်း တပ်ခွဲ ၁ ၊ မြင်းခြံခရိုင်အမှတ် ( ၃ )တပ်ရင်း – မြေလတ် PDF ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ( ၈ )တပ်ရင်း – NRDF ၊ Myaung Ranger Force MRF ၊ CDSOM ၊ မြောင်မြို့နယ်ပလဖ ၊ ဒေါင်းညီနောင် ၊ CRA – ချောင်းဦး ၊ Peacock King MMU PDF တို့မှ ပူးပေါင်း၍ တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း သိရသည်။