ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဒီဇင်ဘာ ၁ ရက်မှစတင်၍ ယနေ့အထိ တိုက်ပွဲများဆက်လက်ဖြစ် ပွားနေပြီး လာမည့်ကာလများတွင်လည်း တိုက်ပွဲအခြေအနေပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိကြောင်း မြို့ခံများ နှင့် တော်လှန်ရေးအင်အားစုများကဆိုသည်။
တိုက်ပွဲအခြေအနေများကြောင့် ကော့ကရိတ်၊ လှိုင်ဝ၊ အာရှလမ်းမများတွင် ကုန်ယာဉ်များနှင့် ခရီးသည် တင်ယာဉ်များလည်း ပိတ်ဆို့နေပြီး ယခုအချိန်ထိ ကော့ကရိတ်မြို့ပတ်ဝန်းကျင်တွင် ကင်းထောက်လေ ယာဉ်ပျံသန်းခြင်း နှင့် လက်နက်ကြီးပစ်ခတ်ခြင်းများရှိနေခြင်းကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်း ပိတ် မိနေသည့် ဒေသခံပြည်သူများလည်းရှိနေကြောင်း စုံစမ်းသိရှိရသည်။
“ ကျွန်တော်တို့ ကော့ကရိတ်တစ်မြို့လုံးကို ထိန်းချုပ်နိုင်ပြီဆိုရင် အသေးစိတ်ပြောပါမယ်။ အခုတော့ အာ ရှလမ်းလည်း ပိတ်ထားတယ်။ ရေရှည်တော့ ကျွန်တော်တို့လဲ မပိတ်ချင်ဘူး။ ကုန်ဈေးနှုန်းတွေတက်မှာ ကြောက်တယ်။ ပြည်သူတွေရဲ့ ဘဝက ကျွန်တော်တို့ဘဝပါပဲ” ဟု မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ကော့ကရိတ်မြို့ကို တော်လှန်ရေးအင်အားစုများစတင်တိုက်ခိုက်ခဲ့သည့် အချိန်မှစတင်၍ စစ်ကောင်စီ တပ်က လက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေသည့်အပြင် လေကြောင်းအသုံပြု တိုက် ခိုက်မှုများလည်း နေ့စဉ်ပြုလုပ်နေကြောင်း ကော့ကရိတ်မြို့ခံတစ်ဦးကဆိုသည်။
“ မနေ့ကဆို လေယာဉ်က တစ်စီးပြီးတစ်စီးလာတာ လေယာဉ်သက်သက်ပဲ။ စစ်မရှောင်ဘဲ ကျန်ခဲ့တဲ့ တစ်ချို့သူတွေ လေယာဉ်ဗုံးနဲ့ လက်နက်ကြီးထိလို့ သေတာမနည်းဘူး။ မနေ့က မနက်ပိုင်း အောက်ရွာနဲ့ ဝင်းကြီးက လက်နက်ကြီးထိလို့ ၅ ယောက်သေတယ်လို့ ကြားတယ်။ ဒီနေ့လည်း လက်နက်ကြီးနဲ့တော့ တောက်လျှောက်ထုနေပေမယ့် မနေ့ကလောက် တိုက်ပွဲမပြင်းဘူးပြောရမယ်” ဟု ၎င်းကဆိုသည်။
ကော့ကရိတ်မြို့တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က အကျအဆုံး နှင့် ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိနေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုနှင့် တိုက်ပွဲအခြေအနေများကိုမူ မကြာမီ သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများဘက်က ပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်ကလည်း ကော့ကရိတ်မြို့အတွင်း KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ် ကောင်စီတပ်များအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ရှိ စရဖရုံးနှင့် ရဲ သတင်းတပ်ဖွဲ့ရုံးများ မီးလောင်ပျက်စီးခဲ့သည့်အပြင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့ ကြောင်း သိရသည်။



