ရန်ကုန်မြို့၊ ရန်ကင်းမြို့မရဲစခန်းကို ပြင်းအားမြင့်မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ရဲ၃ဦးထက်မနည်း ဒဏ်ရာရကြောင်း သိရသည်။
ဒီဇင်ဘာ ၁ရက်၊ ည ၇နာရီ ၃၃မိနစ်ခန့်က ရန်ကင်းမြို့မ ရဲစခန်းဝန်းအတွင်းသို့ Yangon Army (YA)နှင့် ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မိုင်း ၂လုံး ပစ်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဒုတာဝန်ခံက ပြောသည်။
“ ပြင်းအားမြင့်မိုင်းအကြီး၂ လုံးသုံးပြီတိုက်ခိုက်ခဲ့တာပါ။ရဲစခန်းဝန်း ထဲကို ရောက်ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
မိုင်းခွဲ တိုက်ခိုက်မှုကြောင့် ကျယ်လောင်သောအသံထွက်ပေါ်လာကြောင်းလည်း သိရသည်။
“ ရန်ကုန်တစ်မြို့လုံး ည၇နာရီခွဲမှာဟိန်းထွက်နေတာ ဒေသခံတွေအသိဆုံးပါ” ဟု ၎င်းကဆက်လက် ပြောသည်။
တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်က ရန်ကင်းမြို့မရဲစခန်းအနီးသို့ ရောက်ရှိလာကာ တင်းကျပ်စွာစစ်ဆေးခဲ့သော်လည်း ဖမ်းဆီးခံရသူတစ်ဦးမျှ မရှိကြောင်း Yangon Army (YA)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ လုံခြုံရေးတင်းကျပ်ထားလည်း ကျနော်တို့ကဆော်မှာပဲ။ကျနော်တို့အလှည့်ရောက်နေပြီ။ကျွန်တော်တို့ အတိုးရောအရင်း ရောအကုန်ပြန်ယူမှာ။ညက အောင်မြင်စွာ မစ်ရှင်ပြုလုပ်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
ရန်ကင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စစ်ကောင်စီတပ်သည် ရန်ကုန်မြို့ပေါ်တွင် ရှောင်တခင်စစ်ဆေးခြင်းနှင့် လူငယ်များအား အကြောင်းမဲ့ ဖမ်းဆီးခြင်းတို့ လုပ်ဆောင်နေကြောင်း MPAက စုံစမ်းသိရသည်။