ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုနှင့် ရဲစခန်းတစ်ခုကို တအာင်းတပ်မတော် TNLA မှ ထပ်မံသိမ်းပိုက်ခဲ့ပြီး၊ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရမိကြောင်း TNLA သတင်းပြန်ကြားရေးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ (ဒီဇင်ဘာ ၁ ရက်)၊ မနက် ငါးနာရီခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ(၁)စစ်ဒေသ၊ မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ နမ့်ပေါ်တပ်စခန်းကို TNLA က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“ ဒီနေ့ မနက်ငါးနာရီမှာ နမ့်ပေါ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။” ဟု TNLA ပြန်ကြားရေးတာဝန်ခံအရာရှိမှ MPA သို့ ပြောသည်။
အဆိုပါ နမ့်ပေါ်စစ်တပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီထံမှ 60 MM လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၃၂)လက်၊ ကျည်အမြောက်အများ၊ စစ်သုံးပန့် (၂)ဦးနှင့် စစ်သုံးဆောင်ပစည်းများသိမ်းဆည်းရမိပြီး၊ စစ်ကောင်စီတပ် သားများ၏ အလောင်းများကိုလည်း တွေ့ရှိရကြောင်း သိရသည်။
“ အလောင်းကတော့ အတိအကျတော့ မစိစစ်ရသေးဘူး။ များတော့များတယ်။ အဲ့ဒီ့စခန်းမှာ ကျတော်တို့ ကြာကြာ နေလို့မရဘူး။ ဘာလို့လဲဆိုရင် စခန်းသိမ်းပြီး၊ သူတို့လူတွေမရှိတော့ရင် လေယာဥ်တွေနဲ့ ဗုံးလာကြဲမှာစိုးရတယ်။ မြန်မြန် ရှင်းလင်းရေးတွေလုပ်တယ်၊ အဲ့ဒါကြောင့် အတိအကျမသိရသေးဘူး” ဟု TNLA ပြန်ကြားရေးတာဝန်ခံ အရာရှိက ပြောသည်။
နမ့်ပေါ်တပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုများစွာနှင့် Jet Fighter ဖြင့် လေကြောင်းတိုက်ခိုက်မှု (၂၁)ကြိမ်၊ Y8/Y12 လေယာဥ် (၅)ကြိမ်၊ Mi35/Mi17 (၃)ကြိမ်ထက်မနည်း အသုံးပြုတိုက်ခိုက်ခဲ့သည်။
ထို့အတူ တအာင်းပြည်နယ်၊ တပ်မဟာ ၂ စစ်ဒေသ၊ သီပေါမြို့နယ်ရှိ စစ်ကောင်စီ စဥ့်အင်ရဲစခန်းကို ယနေ့ (ဒီဇင်ဘာ ၁ ရက်)၊ မနက် ၆နာရီခွဲခန့်တွင် TNLA က သိမ်းပိုက်ခဲ့သေးသည်။
အဆိုပါ စဥ့်အင်ရဲစခန်း သိမ်းပိုက်မှုတွင် စစ်ကောင်စီထံမှ သေနက် (၈)လက်၊ ပစ္စတို (၃)လက်၊ ကျည်အမြောက်အများ၊ ရဲသုံ့ပန်း ၂ဦးနှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံ အရာရှိကပြောသည်။
“ စဥ့်အင်ကနေ ဖြတ်လို့မရတော့ဘူး။ လားရှိုးနဲ့ သီပေါကူးချင်ရင် မိုင်းရယ်ဘက်ကနေ သွားရတယ်။ စဥ့်အင်ရဲစခန်း တော့ ကျသွားပြီ ကြားတယ်။” ဟု သီပေါမြို့ခံ တစ်ဦးက ပြောသည်။
၁၀၂၇ စစ်ဆင်ရေးစတင်သည့်အချိန်မှစ၍ လက်ရှိအချိန်ထိ TNLA အနေဖြင့် စစ်ကောင်စီ၏ စခန်းကြီး၊ စခန်းငယ် စုစုပေါင်း ၆၀ ခန့် သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။



