စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့်စစ်တပ် တိုက်ခိုက်ခံရကာ အထိနာသွား သဖြင့် လေကြောင်းပစ်ကူခေါ်ရကြောင်း သိရသည်။
ယနေ့(ဒီဇင်ဘာ၁ရက်)မွန်းလွဲ ၁နာရီခန့်တွင် ပုလဲမြို့ပေါ်မှ ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို မြကုန်းကျေးရွာအနီး၌ ဒေသခံPDF များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်အချို့ထံက သိရသည်။
ယနေ့ မွန်းလွဲ၂နာရီခန့်တွင် တိုက်ခိုက်ရေးရဟတ်ယာဥ် Mi 35 တစ်စင်းရောက်လာကာ ၄၅ မိနစ်ခန့်ကြာ ပျံဝဲ၍ တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။
” စစ်တပ်က မြို့ပေါ်ကနေ ရွာဘက်ကို စစ်ကြောင်းထိုးဖို့ မြကုန်းရွာအနီးမှာ ကျနော်တို့ PDF အဖွဲ့နဲ့ ထိပ်တိုက်တိုးတာ ။ အသေအပျောက်တော့ ဘာမှမသိရသေးဘူး” ဟုပုလဲဒေသခံတစ်ဦးက ဆိုသည်။
အထိနာသွားသောစစ်တပ်သည် တိုက်ပွဲဖြစ်ပွားပြီးနောက် မြကုန်းရွာထဲသို့ ဝင်ကာ ပြည်သူပိုင်အိမ် များအား မီးရှို့ခဲ့ပြီး ပြာကျသွားသောအိမ်အရေအတွက်ကိုမူ မသိရသေးပေ။
” စစ်ရှောင်တွေက အများကြီးပုံကျလာပြီ။စစ်ကြောင်းကလည်း ထွက်လာတာဆိုတော့ လမ်းမှာနင်းမိုင်းတွေလည်း ပြင်ထားပြီးသားပါ။ကျန်တဲ့စစ်ရေးအခြေအနေနဲ့ ပြင်ဆင်မှုတွေကိုတော့ စစ်အခင်းအကျင်းအရ ပြင်ဆင်ထားတာတွေလည်းရှိတဲ့အတွက် ထုတ်ပြောဖို့အဆင်မပြေသေးလို့ပါ” ဟု ပုလဲလူထုသပိတ်တိုက်ပွဲကော်မတီအဖွဲ့ဝင် ကိုစိုပြေမင်းထင်က ပြော သည်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းကြောင့် မြကုန်း၊ကုက္ကိုလ်ကုန်း၊ နွယ်ရှောက်၊ လက်ပုကန်နှင့် နှောကန်ရွာတို့မှ ဒေသခံ ၁၀၀၀၀ ဝန်းကျင် အရေးပေါ်စစ်ရှောင်နေရကြောင်း သိရသည်။
တိုက်ပွဲအတွင်း ထိခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးအခြေအနေကိုမူ မသိရသေးပေ။
မြကုန်းရွာသည် ပုလဲမြို့အနောက်ဘက် မြို့နှင့် အနီးကပ်ဆုံးရွာဖြစ်ပြီး ပုလဲမြို့မှ စစ်ကြောင်းထွက်လာတိုင်း မြကုန်းရွာကို ဖြတ်ရကြောင်း ကိုစိုပြေမင်းထင် ကပြောသည်။