ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီးနောက် စက်သုံးဆီတစ်လီတာလျှင် ငွေ ကျပ် ၁၅၀၀၀ ကျော်ထိ မြင့်တက်နေသဖြင့် မြောက်ဦးမြို့ရှိ ဆီလုပ်ငန်းရှင်တစ်ဦးက ဒီဇင်ဘာ ၁ ရက် တွင် လက်ရှိပေါက်ဈေးထက်ဈေးလျော့ရောင်းပေးနေကြောင်း သိရသည်။
“ဆီတွေက ပြတ်နေတာဆိုတော့ ပြည်သူတွေ အဆင်ပြေအောင်လို့ ကျွန်တော်တို့က ရောင်းချပေးတာပါ။ တုတ်တုတ်ချေနဲ့ ဆိုင်ကယ်ကယ်ရီမောင်းတဲ့သူတွေဆို ဆီမရလို့ရပ်ထားရတာ ကြာပြီလို့ ကျွန်တော်တို့ လည်း ကြားတယ်။ အဲဒါကြောင့် အခုလိုမျိုး ဈေးလျှော့ပြီး ရောင်းပေးတာ” ဟု စက်သုံးဆီဈေးလျော့ ရောင်းပေးသည့် လုပ်ငန်းရှင်က ပြောသည်။
အဆိုပါစက်သုံးဆီလုပ်ငန်းရှင်အနေဖြင့် အခြေခံလူတန်းစားပြည်သူများ အထိုက်အလျှောက်အဆင်ပြေ စေရန် ယခုကဲ့သို့ ဈေးလျော့ရောင်းချပေးခြင်းဖြစ်ပြီး ဒေသခံပြည်သူ အယောက် ၂၀၀ ကျော်နီးပါးကို ရောင်းပေးနိုင်ခဲ့ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။
“သျှစ်သောင်းပုထိုးနားမှာ ရောင်းပေးတာ။ တစ်ယောက်ကို ၂ လီတာနှုန်းနဲ့တော့ ဝယ်လို့ရတယ်။ စက်သုံး ဆီက ဈေးတက်နေတော့ သက်သာတဲ့ဆီမှာ အကုန်လုံးက အလုအယက်တိုးဝယ်ကြတာပေါ့။ မရတဲ့သူ တွေလည်း အများကြီးရှိပါတယ်”ဟု မြောက်ဦး ဒေသခံတစ်ဦးကဆိုသည်။
မြောက်ဦးဒေသရှိ ပြည်သူများအတွက် စက်သုံးဆီတစ်လီတာလျှင် ကျပ် ၇၅၀၀ ဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် လီတာ ၅၀၀ အထိရောင်းချပေးခဲ့ကာ ဆီလက်ကျန်အနေအထားအရ မြောက်ဦးမြို့ တစ်မြို့ထဲအတွက်သာရောင်းပေးနိုင်ကြောင်း သိရသည်။
“စက်သုံးဆီတွေက ဈေးတွေ တက်နေတာ ၁၅ ရက်လောက်ရှိနေပြီ။ တစ်လီတာကိုလည်း တစ်သောင်း ကျော်ဆိုတော့ မဝယ်နိုင်ဘူး။ သုံးဘီးမောင်းတာလည်း ရပ်ထားရတယ်။ ဒီနေ့တော့ ဆိုင်တစ်ဆိုင်က တစ် လီတာကို ၇၅၀၀ နဲ့ ဈေးလျှော့ရောင်းတယ်။ တိုးဝယ်ပြီး သုံးဘီးပြန်မောင်းတယ်။ အရင်ကထက်တော့ ဈေးတက်သွားပေမယ့် အခု ပေါက်ဈေးလောက် ဈေးမကြီးဘူးဆိုတော့ အဆင်ပြေသွားတာပေါ့”ဟု အိန္ဒိသုံးဘီးမောင်းသူတစ်ဦးက ပြောသည်။
စစ်ကောင်စီကလမ်းကြောင်းများ ပိတ်ဆို့ထားခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များ၌ စက် သုံးဆီပြတ်လပ်ခြင်းနှင့် ကြုံတွေ့နေရပြီး အခြေခံပြည်သူများအနေဖြင့် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများကဆိုသည်။




