ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို ထိန်းနိုင်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နှင့် ကော့ကရိတ်မြို့တို့ကို ယနေ့(ဒီဇင်ဘာ၁ရက်)နံနက် ၄နာရီခန့်မှစတင်ကာ တော်လှန်ရေးအင်အားစုတို့ က ပူးပေါင်း တိုက်ခိုက်လျက်ရှိရာသိမ်းနိုင်သည့်အဆင့်သို့ မရောက်သေး ကြောင်း သိရသည်။
“ အခုက ကော့ကရိတ်မြို့ကို ထိန်းပဲထိန်းထားနိုင်တာပါ။သိမ်းနိုင်တာမဟုတ်သေးပါဘူး။မြေပြင်ကိုမသိဘဲ သိမ်းနိုင်တယ်ဆိုပြီး ပြောနေကြလို့ပါ” ဟု ၎င်းက ယနေ့မွန်းလွဲ ၁နာရီခန့်တွင် ပြောသည်။
ကော့ကရိတ်မြို့တွင် တိုက်ပွဲ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးများကြောင်း မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“ ကော့ကရိတ်မှာ မနက်ထဲက ပွဲကြမ်းနေတာပါ။တော်လှန်ရေးအင်အားစုထဲက ကျဆုံးတဲ့သူတွေရှိတယ်။စစ်တပ်ဘက်ကလည်း အကျအဆုံးများပါတယ်။မြို့ကိုတော့ ထိန်းနိုင်ပေမယ့် ပွဲမပြီးသေးတော့ ပြောလို့ မရသေးပါဘူး” ဟု ၎င်းက ပြောသည်။
ကော့ကရိတ်မြို့တွင်း တိုက်ပွဲပြင်းထန်နေသည့် အတွက် အာရှလမ်းမကြီးပေါ်ရှိ ကုန်တင်ကားနှင့် ခရီးသည်တင်ကားများကို ယာယီဖြတ်သန်းခွင့် ပိတ်ထားကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။
“ အခုက မြဝတီ-ကော့ကရိတ်လမ်းပိုင်းနဲ့ အာရှလမ်းပိုင်းမှာ ကားတွေ ပိတ်နေတယ်။မြို့ထဲမှာ လက်နက်ကြီးတွေပစ်နေတယ်လို့ ပြောတယ်။ကားသမားတွေတော့ ကားတွေ ပိတ်နေလို့ အကာအကွယ်အောက်မှာ ပုန်းနေရတယ်။အခု ဖြစ်နေတာပါ။ဒီနေ့ နေ့ခင်း ၁၂နာရီအခြေအနေပါ။ပြည်သူသေဆုံးမှုလည်း ရှိတယ်။ကျည်ထိပြီး အမျိုးသားတစ်ဦးသေတာပါ။အတိအကျတော့ မသိရသေးဘူး။ညကလည်း ဗုံးကြဲနေတယ်။အဓိကကတော့ လှိုင်ဝကနေ ရွာတွေဘက်ကို တစ်ချိန်လုံး လက်နက်ကြီးနဲ့ ထုနေတာ” ဟု ၎င်းက ပြောသည်။
လက်ရှိဖြစ်ပွားနေသည့် ကော့ကရိတ်မြို့တိုက်ပွဲနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက သတင်းဖြေဆိုခွင့် ပိတ်ထားကြောင်း နှင့် မကြာမီသတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း MPAက စုံစမ်းသိရသည်။






