မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် တပ်စွဲထားသော စစ်သားသည် ကျေးရွာများသို့ စစ်ကြောင်းထိုးမှုလျော့လာပြီး မြို့ပေါ်၌သာ ခံစစ် ပြင်နေကြောင်းသိရသည်။
ရေစကြိုမြို့ပေါ်ရှိ စစ်တပ်အထိုင်စခန်းတို့တွင် ဘန်ကာများကို တိုးချဲ့ တည်ဆောက်ထားပြီး ကျေးရွာ များသို့ စစ်ကြောင်းထိုးမည့်ပုံ မပေါ်တော့ကြောင်း Myingyan black Tiger ခေါင်းဆောင် ဗိုလ်မိုက်ခဲ ကပြောသည်။
“ စခန်းတခုမှာ ပုံမှန်ဆို ဘန်ကာ ၁ခု ၂ခုလောက်ပဲရှိတာ။ အခုက ၄ခု ၅ခုလောက်ဖြစ်နေတယ်။ အင်အားက အရေးကြီးရင်ကြီးသလိုပေါ့။ ကာကွယ်ရေးတပ်တွေက တိုက်မယ်လို့ ကြားထား တဲ့ရက် မျိုးဆို အင်အား ၁၃ယောက်လောက်ပဲရှိတဲ့အနေအထားကနေ ၇၀လောက်အထိဖြစ်သွားတတ်တယ်။” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်သည် ရေစကြိုမြို့ပေါ်ရှိ ရဲစခန်း၊ ဆေးရုံ၊ ရုံးပေါင်းစုံ၊ ငြိမ်းဇာနည်စခန်းနှင့် ပန်းခြံတို့တွင် တပ်စွဲထားပြီး အင်အား ၃၀၀ခန့် ပုံမှန်ရှိကြောင်း၊ စစ်ကြောင်းထွက်လျှင် မြို့ထဲ၌ အင်အား ၂၀၀ဝန်းကျင်သာ ကျန်လေ့ရှိကြောင်း ၎င်းကပြောသည်။
” မြို့ပေါ်ဆိုလည်း အင်အားမပါဘဲ ကင်းမပတ်ရဲတော့ဘူး။ ဒီကောင်(စစ်တပ်)တွေမှာ အင်အားတော်တော် လျော့နေတဲ့အနေအထားရှိတယ်။ ဘာလို့ဆို အကုန်ပတ်ကူနေရတဲ့ အနေအထားရှိတယ်။ လုံးဝ ခံစစ်ကြီးဖြစ်သွားတယ်။ သူတို့ (စစ်တပ်)ကို လာတိုက်မယ်လို့ သတင်းရရင် ပခုက္ကူနဲ့ မြို့ပြင်တပ်တွေကနေ အင်အားလာဖြည့်ကြတယ်” ဟု ၎င်းကပြောသည်။
၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် မြို့ပေါ်သို့ တော်လှန်ရေးတပ်ဖွဲ့ များ ဝင်ရောက်တိုက်ခိုက်မှု ၂ကြိမ်ရှိခဲ့ပြီး စစ်သား ၁၀ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။
ရေစကြိုမြို့ပေါ်ရှိ စစ်သားများသည် ရေစကြိုမြို့ပြင်ရှိ ခလရ (၂၅၆)၊ (၂၅၇)၊ (၂၅၈)တပ်ရင်း တို့ဆီ နေ့စဉ်ကူးသန်းသွားလာမှုများရှိပြီး ရေစကြို အခြေစိုက် စစ်သားများကို ရှမ်းမြောက်ဒေသသို့ ပို့ဆောင်သည်ဟု မကြားသေးကြောင်း ရေစကြိုပကဖ သတင်းပြန်ကြားတာဝန်ခံက ပြောသည်။
” ခံစစ်ပြင်နေတာတော့ကြာပြီ။ ပခုက္ကူတပ်မ -၁၀၁ လက်ေအာက်ခံတပ်တွေနဲ့နီးတော့ ပခုက္ကူလမ်းပိုင်းကတော့ သူတို့စိုးမိုးထားတဲ့နေရာပုံစံမျိုးဖြစ်နေပြီး အလွယ်တကူသွားလို့လာလို့ရတဲ့အနေအထားမျိုးဖြစ်နေသေးတာပေါ့” ဟု ၎င်းကပြောသည်။
ရေစကြိုမြို့ပေါ်ကို PDF များက မကြာခဏ ဝင်ရောက်တိုက်ခိုက်နေခြင်းနှင့် မြို့ပေါ်စစ်တပ်က ရပ်ကွက်များအတွင်း စစ်ကြောင်းထိုး ဖမ်းဆီးမှုများ ရှိနေခြင်းကြောင့် ဒေသခံတို့မှာ သတိကြီးစွာဖြင့် နေထိုင်နေကြရကြောင်း ရေစကြိုမြို့ခံတစ်ဦးကပြောသည်။
“တချို့ အဆင်ပြေတဲ့သူတွေနဲ့ သက်ကြီးပိုင်းတွေက တခြားမြို့ကြီးတွေဘက် ပြောင်းသွားတာမျိုးရှိ တယ်။PDF တွေက မကြာခဏ ဝင်တိုက်နေတော့ ဝင်တိုက်တဲ့နေ့ဆို စခ တွေက ပြည်သူကိုမဲလို့ မြို့ပေါ်ကလူတွေ အပြင်မထွက်ကြတော့ဘူး။ရပ်ကွက်တွေထဲ စစ်ကြောင်းထိုးရင် အပြင်မထွက်ကြ ဘူး။အဖမ်းခံရလို့။အကုန်ကြည့်နေကြည့်စားပဲ”ဟု ၎င်းကပြောသည်။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် မကွေးတိုင်းအတွင်းရှိ PDF တပ်ဖွဲ့များက စစ်ရေးအရှိန်မြှင့်တင် ကာ မြို့ပေါ်နှင့် ပျူစောထီး ရွာများကို အရှိန်အဟုန်ဖြင့် ဝင်ရောက်တိုက်ခိုက်လျက်ရှိသည်။


