စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွာရှည်(မ)ရွာကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်သည် တန့်ဆည်မြို့နယ်ကို နို၀င်ဘာ ၃၀ ရက်၊နံနက် ၂နာရီဝန်းကျင်တွင် စစ်တပ်က ဂျက်ဖိုက်တာ ဖြင့် ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တန့်ဆည်မြို့နယ် ပကဖ ထံက သိရသည်။
“မနက် ၂နာရီ အချိန်လောက်မှာ ပေါင် ၅၀၀ ဗုံးသီး ၂လုံးချသွားတာတစ်ကြိမ်ပဲ။ဂျက်နဲ့ပစ်သွားတာ ပြည်သူအထိအခိုက်တော့မရှိဘူး။ ပျက်စီးမှု အရေအတွက်ကို အသေးစိတ်စုံစမ်းနေဆဲပါ” ဟုဒေသခံ PDF ရဲဘော် ကိုလေရိုင်းက ပြောသည်။
စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှစ်ထပ်အဆောင် တစ်ဆောင် လုံးဝ ပျက်စီးသွားပြီး ခန်းမဆောင် သွပ်ချပ်များလည်း ပျက်စီးကာ ၄ခန်းတွဲ တစ်ထပ်ဆောင်မျက်နှာကြက် များပြိုကျကာ ပြည်သူ့ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“သူတို့ အထိုင် စခန်း ဝင်သိမ်းတဲ့နေရာမှန်သမျှ လေကြောင်းပစ်ကူတာပါ။သူတို့အရေးနိမ့်ရင် ပိုဆိုးပါတယ်ဗျ။ ပြည်သူတွေကတော့ အခုအချိန်မှာ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ အသက်ဆက်ရှင်နေကြရတာပါ။ တော်သေးတယ်ဗျ။ ဗုံးသီး ပေါင် ၅၀၀ ကပြည်သူတွေမထိတာ” ဟု ရွာရှည်(မ) ရွာအနီးနေ ဒေသခံတစ်ဦးက ပြောသည်။
လတ်တလော တွင် တန့်ဆည်မြို့နယ်အတွင်း လေယာဥ်ဖြင့် ဗုံးလာကြဲခဲ့ခြင်းကြောင့် နောက်ထပ် လေကြောင်း တိုက်ခိုက်လာမည်ကို ဒေသခံ တို့ စိုးရိမ်နေကြကြောင်းသိရသည်။