စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင်းသို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး အောင်ပွဲနှင့်အတူ ပြန်လာသည့် PDF ရဲဘော်များကို ဒေသခံများက အောင်သပြေဖြင့် ကြိုဆိုကြကြောင်း သိရသည်။
နိုဝင်ဘာ ၂၉ ရက်၊နံနက်ပိုင်းက တန့်ဆည်မြို့တွင်းရှိ စစ်ကောင်စီတပ် အထိုင်စခန်းများကို တိုက်ခိုက်မီးရှို့ပြီးနောက် အောင်မြင်စွာ ပြန်လည်ဆုတ်ခွာခဲ့ကြသည့် PDF ရဲဘော်များအား မွန်းလွဲ ၂နာရီခန့် တွင် ဒေသခံများက အောင်သပြေနှင့်အတူ စားသောက်ဖွယ်ရာများဖြင့် ကြိုဆိုခဲ့ကြ ကြောင်း တန့်ဆည်PDF ရဲဘော်တစ်ဦးကပြောသည်။
” ပြည်သူတွေက အုတ်အုတ်သောင်းသောင်းကြိုဆိုကြတာ။ အပြေးအလွှား သပြေပန်း ကိုယ်စီနဲ့ လာကြိုကြတာ။ ပျော်စရာကြီးဗျာ။ တိုက်ပွဲကအပြန် မောမောပန်းပန်းနဲ့ဆိုတော့ ပင်ပန်းခဲ့တာတွေက ပျောက်သွားတယ်” ဟု ၎င်းက ဆိုသည်။
ပြည်သူတို့ ပေးကြသော စားသောက်ဖွယ်ရာများမှာ အလွန်များပြားကြောင်း ၎င်းကဆက်လက်ပြောသည်။
” ကျမတို့ကတော့ ကလေးတွေ အထိအခိုက်မရှိဘဲ ပြန်လာတာမြင်ရတော့ ဝမ်းသာတယ်။ ကိုယ်တိုင် မတိုက်နိုင်ဘူး။ ကလေးတွေက တိုက်၊ အန်တီတို့က တတ်နိုင်တာ လုပ်ပေးရတာပေါ့။ ဘယ်ကလေးဖြစ်ဖြစ် ကိုယ့်ကလေးပါပဲ။ကိုယ့်သားသမီးပါပဲ” ဟု ဒေသခံ အိမ်ရှင်မ တစ်ဦးကပြောသည်။
ယနေ့ (နိုဝင်ဘာ ၃၀ရက်) နံနက် ၂ နာရီခန့်တွင် တန့်ဆည်မြို့ ၊ရွာရှည်(မ)ကျေးရွာရှိ စာသင်ကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာနတို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း အဆောင်များ ပျက်စီးခဲ့ကြောင်း သိရသည်။






