လောက်ကိုင်မှပြန်လာကြသူများကို အာမခံပေးမည့်သူရှိမှ လားရှိုးမြို့ထဲသို့ စစ်ကောင်စီတပ်က ဝင်ခွင့်ပြုကြောင်းသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အဝင်ဂိတ်တွင် စစ်သားနှင့် ပြည်သူ့စစ်တို့ လုံခြုံရေးယူထားကြပြီး လားရှိုးမြို့ခံတစ်ဦးဦးက အာမခံပေးခြင်း မရှိသော လောက်ကိုင်မြို့မှ လာသူများမှာ မြို့ပြင်ဂိတ်၌သာ နေကြရကြောင်း လောက်ကိုင်မြို့မှ ပြန်လာသူတစ်ဦးကပြောသည်။
“ လောက်ကိုင်ကဆိုရင် ပေးမဝင်ဘူး။အပြင်မှာပဲနေရတယ်။ဒါပေမယ့် အာမခံပေးတဲ့သူရှိရင်ဝင်လို့ရတယ်။ မြို့ထဲက အာမခံပေးသူ ဂိတ်မှာ လာခေါ်ရင် ဝင်လို့ရတယ်။လောက်ကိုင်ကနေ လားရှိုးရောက်ဖို့ ၂ရက်ကြာတယ်” ဟု ၎င်းကပြောသည်။
ထို့ကြောင့် လားရှို့းမြို့အပြင်ရှိ လမ်းမပေါ်တွင် လောက်ကိုင်မြို့မှ ပြန်လာသူ ၁၀၀၀ကျော် နေနေ ကြရပြီး လားရှိုးမြို့တွင်းသို့ ရောက်ရှိသူ ၅၀၀၀ကျော်တို့မှာ လားရှိုးမြို့ထဲရှိ ဘုရားကျောင်းများနှင့် ဆွေမျိုးတို့၏အိမ်များ၌ နေထိုင်ကြကြောင်း လားရှိုးမြို့နေစစ်ရှောင်ကူညီနေသူတစ်ဦးကပြောသည်။
တိုက်ပွဲပြင်းထန်နေသည့် လောက်ကိုင်၊မူဆယ်နှင့် သိန္နီ မြို့နယ်တို့တွင် ရောက်ရှိနေသော ရွှေ့ပြောင်းလုပ်သားတို့သည်လည်း နေရပ်ပြန်ရန်အတွက် လားရှိုးမြို့သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
“ အခုလက်ရှိမြို့ထဲမှာ စစ်ရှောင်က၅၀၀၀ လောက်ရှိတယ်၊မြို့ပြင်ဂိတ်မှာ ၁၀၀၀ကျော်တယ်။ အခုစစ်တပ်က လှူခွင့်မပေးတော့ဘူး။တချို့ဆို ထမင်းမစားဘဲ ပြန်လာကြတော့ ထမင်း ၂ရက် မစားရသူတွေရှိတယ်။ စားနပ်ရိက္ခာနဲ့ ရေကအရေးပေါ်လိုအပ်နေတယ်” ဟု ၎င်းကပြောသည်။
နိုဝင်ဘာ၂၈ရက်မှ စတင်ကာ လောက်ကိုင်မြို့မှ နေရပ်အသီးသီးသို့ ပြန်ရန် ထွက်ခွာလာသည့် လူဦးရေသိန်းနှင့်ချီရှိပြီး ကား၊ဆိုင်ကယ်တို့ နှင့် ပြန်လာနေကြကြောင်း သိရသည်။