မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဘိုကုန်းကျေးရွာထဲသို့ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ ကလေးငယ်တစ်ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။
နို၀င်ဘာ၂၉ ရက်၊ ည ၁၂နာရီခန့်တွင်မတ္တရာမြို့နယ်၊ ကျွဲခြံကုန်းစစ်တပ် အထိုင်စခန်းမှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဘိုကုန်းကျေးရွာနေ အသက် ၂နှစ်အရွယ် ရှိ ကလေးငယ်တစ်ဦးသေဆုံးခဲ့ ကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
“တိုက်ပွဲ မဖြစ်ဘဲ လက်နက်ကြီးနဲ့ပဲ ထုနေတာ။ ကျွဲခြံကုန်းမှာ အထိုင်ချတာ ၁၀ရက်လောက်ရှိပြီ။အထိုင်ချကတည်းကရမ်းထုနေတာပဲ။ သူတို့သေမှာကြောက်နေတာ ။စခန်းဝင်စီးခံရမှာစိုးနေတာ။ လက်နက်ငယ်တွေနဲ့လည်းရမ်းသန်းပစ်တယ်။ လက်နက်ကြီးကတော့ တစ်ခါတလေ သူတို့မထင်တဲ့အချိန် ပစ်တာ” ဟု၎င်းကပြောသည်။
လက်နက်ကြီးထိမှန်သူ ၃ဦးမှာ မိသားစုဝင်များဖြစ်ပြီး လင်မယား၂ဦးမှာ ဒဏ်ရာရခဲ့ကြောင်း ဘိုကုန်းကျေးရွာအနီးနေ ဒေသခံ တစ်ဦးက ပြောသည်။
“အိပ်နေတဲ့အချိန်ကျလာတော့ ရှောင်ချိန်မရဖြစ်သွားပြီးတော့ လက်နက်ကြီး စတွေ ထိကုန်တာ။ ညသန်းခေါင်ဆိုတော့ ဘာမှမသိလိုက်တာ။ နွားလည်း ၃ကောင်သေတယ်” ဟု ၎င်းကပြောသည်။
ကျွဲခြံကုန်းကျေးရွာတွင် စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသည်မှာ ၁၀ ရက် ကျော်ရှိပြီဖြစ်ပြီး စစ်တပ်ရောက်ရှိလာကတည်းက အနီးဝန်းကျင်ရွာများမှာ ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင် နေကြကြောင်း ဘိုကုန်းကျေးရွာရှိ လက်နက်ကြီးထိမှန်သူများမှာ မပြေးနိုင်၍ ရွာထဲတွင် ကျန်နေသူများဖြစ်ကြောင်းသိရသည်။
မတ္တရာမြို့နယ်အတွင်းရှိသုံးဆယ်ပေး၊ ကျွဲခြံကုန်း၊ကုန်းတန်းလေး၊ ကုန်းတန်းကြီး၊ ဘိုကုန်း၊ ကြိမ်တော၊ ဘုရားမကုန်း၊ ဆူးလေကုန်းနှင့် ရွှေဘောင်ရွာမှ ဒေသခံ ၄၀၀၀ ကျော်တို့ တိမ်းရှောင်နေကြပြီး သက်ကြီးရွယ်အိုနှင့် ကလေးများသာ ရာသီဥတု အေးသောဒဏ်ကြောင့် ရွာ၌ ကျန်နေကြခြင်းဖြစ်သည်။