စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မာလဲတော(ပျူ)ရွာမှ စစ်ကောင်စီတပ်သားနှစ်ဦးနှင့် ပျူစောထီးတစ်ဦး ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်က မိုင်းထိမှန် သေဆုံးခဲ့ကြောင်း ဒေသကာကွယ် ရေးအဖွဲ့များထံမှသိရသည်။
“ ၂၇ ရက်နေ့ မနက်ပိုင်းက မာလဲတောရွာအ၀င်လမ်းမှာ ကျတော်တို့ မစ်ရှင်လုပ်ခဲ့ပါတယ်။ ပျူတစ်ယောက် ဆိုင်ကယ် နဲ့ ဈေး၀ယ်ထွက်တာသိလို့အပြန်မှာ စောင့်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ပျူစောထီးအလောင်းကို ထွက်ကောက်တဲ့ ရွာထဲက စစ်သားတွေကိုလည်း အလောင်းနားအရောက်ထပ်မံမိုင်းဆွဲခဲ့တယ်။ ဒရုန်းနဲ့ ဗုံး ၁၀ကြိမ်ချတိုက်ခိုက်ခဲ့တယ်။ စစ်သား နှစ်ယောက်ထပ် သေတယ်” ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါတိုက်ခိုက်မှုအား Phoenix SGG၊ Unicorn၊ Royal Falcon၊ စစ်ကိုင်းခရိုင်တပ်ရင်း ၇ တို့ ပူးပေါင်း၍ စစ်ကိုင်း မြို့နယ် ပကဖ မှထုတ်လုပ်သော မိုင်း၊ ဒရုန်းဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ မာလဲတောရွာသား တစ်ယောက်နဲ့ စစ်သားနှစ်ယောက် မိုးထိသေတယ်။ သေတဲ့သူတွေရော ဒဏ်ရာရတဲ့ သူတွေ ကို စစ်ကိုင်းမြို့ဘက်ကနေ ကားနှစ်စီးနဲ့ လာသယ်သွားတာ မြင်ခဲ့ရတယ်” ဟု အုန်းတောရွာခံတစ်ဦးက ပြောသည်။
စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ကြွယ်ပုံ၊ မာလဲတော၊ ဆင်တပ်၊ ညောင်ငုတ်တို ရွာများရှိ ပြည်သူ့စစ်အမည်ခံ (ပျူစောထီး)များကို လက်နက်တပ်ဆင်ပေးထားကာ၊ အဆိုပါရွာများ စစ်ကောင်စီတပ်သားများတပ်စွဲနေထိုင်ပြီး အနီးနား၀န်းကျင် ကျေးရွာများသို့ စစ်တပ်နှင့် ပျူစောထီးများပူးပေါင်း၍ စစ်ကြောင်းထိုး မီးရှို့ဖျတ်ဆီးမှုများ ပြုလုပ်ခဲ့ ကြောင်းဒေသခံများထံမှ သိရသည်။