ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည် သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ၁၁၂၇ စစ်ဆင်ရေးအဖြစ် နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးသွားကြောင်း ပြည်ခရိုင်၊ တပ်ရင်း ၃၆၀၂ ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကဆိုသည်။
ပဲခူးရိုးမအတွင်း စစ်ကြောင်းချီလာသည့် စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်၊ ည ၇ နာရီခွဲအချိန်တွင် တော်လှန်ရေးအင်အားစုကင်းပုန်းအဖွဲ့က စစ်ကောင်စီစစ်ကြောင်းကို ချောင်းမြောင်းပစ်ခတ်၍ ပြန်လည်ဆုတ်ခွာလာခဲ့ခြင်းဖြစ်သည်။
“၂၈ ရက်နေ့မတိုင်ခင် ၂၇ ရက်ညမှာ ကျွန်တော်တို့ဘက်က ကင်းပုန်းနဲ့ သူတို့ဘက်ကစစ်ကြောင်းနဲ့ တွေ့ တော့ ကျွန်တော်တို့ဘက်က ချောင်းမြောင်းပစ်ခတ်ပြီးတော့ ပြန်ဆုတ်လာခဲ့တာပါဗျ။ အဲ့ဒီမှာ ၃ ယောက် သေသွားတယ်” ဟု ပြည်ခရိုင်၊ တပ်ရင်း ၃၆၀၂ ၏ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။
ထို့နောက် နိုဝင်ဘာ ၂၈ ရက်၊ နံနက် ၇ နာရီခွဲအချိန်တွင် တော်လှန်ရေးအင်အားစုများက သတင်းလက်ဦး မှုရယူကာ သရက်တစ်ပင်ကျေးရွာနှင့် ကပစ(၁၉)အနီးရှိ ခုတ်ချောင်းကျေးရွာကြားတွင် မိုင်းကွင်းများပြင် ဆင်၍ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
“ ကျွန်တော်တို့ မိုင်းကွင်းထဲမှာတင်မျက်မြင် သူတို့ဘက်က သေတာ ၆ ယောက်၊ အလောင်းတောင်လာမ ကောက်နိုင်ဘူး။ နောက် ၂ ယောက်ကတော့ သူတို့ဆွဲသွားတယ်။ စုစုပေါင်း မြေပြင်သတင်းအချက်အ လက်အရ ၈ ယောက်သေတယ်လို့ အတည်ပြုလို့ ရပါတယ်ခင်ဗျ” ဟု ၎င်းကဆိုသည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းတွင် ပျူစောထီးများအပါအဝင် အင်အား ၃၀ ခန့်ပါရှိပြီး ကပစ ၁၉ (ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ)တွင် တပ်စွဲကာ စက်ရုံအနီးပတ်ဝန်းကျင်နှင့်ပဲခူးရိုးမအတွင်းသို့ မကြာ ခဏစစ်ကြောင်းထိုးနေသည့် စစ်ကြောင်း ၃ ကြောင်းအနက် တစ်ကြောင်းဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်ကလည်း ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၁ က ပေါက်ခေါင်းမြို့ နယ်၊ ကြို့ပင်ဝိုင်းကျေးရွာရှိ စစ်ကောင်စီထောက်တိုင်ပျူစောထီးခေါင်းဆောင်ကိုပစ်ခတ်ရှင်းလင်းခဲ့ပြီး အလောင်းကောက်ရန် ထွက်လာသော စစ်ကောင်စီ၏တပ်ဖွဲ့များကို ပဒေသာမိုင်း (၅) လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးသည်။

